ပြည်တွင်းပန်းဈေးကွက် ကောင်းမွန်သည့်အလျောက် စိုက်ပျိုးမည့်သူများပြားလာပြီး ပန်းမျိုးရှားပါးနေ

ဒီဇင်ဘာ ၁၆

 

ပြည်တွင်း၌ ပန်းဈေးကွက်ကောင်းမွန်သည့်အလျောက် စိုက်ပျိုးမည့်သူများပြားပြီး ပန်းမျိုးရှားပါးနေကြောင်း ဘုရားပန်းစိုက်ပျိုးသူများထံမှ သိရသည်။

 

“လက်ရှိပန်းဈေးကွက်က ဈေးကောင်းရနေတော့ ပန်းမစိုက်တဲ့သူတွေကလည်း ပန်းစိုက်ဖို့ပြင်လာကြတယ်။ စိုက်နေကြသူတွေလည်း အားတက်လာကြတယ်။ ဒီလိုဆိုပေမယ့် ပန်းမျိုးက ဝယ်ရခက်နေပြန်တယ်။ ဇလွန်ဘက်က ပန်းမျိုးရောင်းတဲ့ဒိုင်ဆီ ချိတ်ဆက်ပြီး ပန်းမျိုးမှာတာ သုံးခါတိတိ ရမယ်သေချာပြီပြောပြီး ကုန်သွားပြီ၊ မရသေးဘူးနဲ့ ဖြစ်နေတယ်။ ဒီလိုနဲ့ ပြင်ဦးလွင်က ပန်းဒိုင်တွေဆီ ထပ်ချိတ်ဆက်ရတယ်။ ဒါတောင် ကိုယ်နဂိုက စိုက်မယ်လုပ်ထားတဲ့ ပန်းမျိုးအတိုင်း မရဘူး။ ရတဲ့အထဲက သုံးမျိုးကိုပဲ ဝယ်ထားလိုက်ရပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့မှ ပန်းစိုက်တောင်သူ ကိုမင်းလွင်က ပြောသည်။

 

ယခုနှစ် မိုးရာသီတွင် မိုးများခဲ့သည့်အတွက် ပန်းခြံများအသေအပျောက် ပျက်စီးမှုများခဲ့သည့်အပြင် ပန်းမျိုးကောင်းမျိုးသန့် ထုတ်လုပ်သူများအနေဖြင့်လည်း ပန်းမျိုးထုတ်လုပ်မှု အနည်းနှင့်အများဆိုသလို အားနည်းခဲ့ရသည်။

 

“အဓိက ဈေးကောင်းရနေတဲ့အကြောင်းက ဒီနှစ်မိုးများလို့ ပန်းအထွက်နှုန်း နည်းတာကြောင့်အပြင်၊ တရုတ်နိုင်ငံဘက်က အဝင်အထွက် တင်းကြပ်ထားတဲ့အတွက်ကြောင့် တရုတ်ပန်းတွေလည်း အရင်လို ပေါပေါသီသီ တင်သွင်းလို့မရတာကြောင့်ပါ။ ဈေးကွက်ထဲမှာ တရုတ်ပန်းတွေ သိပ်မတွေ့ရတော့ဘူး။ ဒါ့ကြောင့် ကိုယ့်ပြည်တွင်းက ပန်းစိုက်တောင်သူတွေအတွက် ဈေးကွက်အခွင့်အလမ်းတွေ ပေါ်လာတာတော့ ဝမ်းသာစရာပါပဲ” ဟု ကိုမင်းလွင်က ဆက်လက်ပြောသည်။

 

ယခင်နှစ်က လက်ကားဈေး ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ် တန်ဖိုးရှိသည့် မေမြို့အက်စတာပန်း အရိုင်းစည်းတစ်စည်းလျှင် ယခုအခါ ကျပ် ၅၀၀၀ မှ ကျပ် ၆၀၀၀၊ ရွှေဝါဝင်းပန်း ၁၀ ပင်စည်းတစ်စည်းလျှင် ယခင်နှစ်က ၁၅၀၀ ကျပ်၊ ယခုအခါ ၂၃၀၀ ကျပ်အထိ ဘုရားပန်းဈေးနှုန်းများ ၂ ဆ မြင့်တက်နေသည်။

 

နန်းထက်ထက်ချစ်