ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များဖြင့် နေ့စဉ်စည်ကားနေသော ဘုရင့်ညီနောင်ရတနာလိုဏ်ဂူဘုရား

ဘားအံ  ၈ ဖေဖော်ဝါရီ

 

ကရင်ပြည်နယ် ဘားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ကမ်း သံလွင်မြစ်နှင့်ဒုံသမိမြစ်ကြား ဘားအံမြို့မှ ၃၀ ကီလိုမီတာ ကွာဝေးပြီး မော်တော်ကားဖြင့် နာရီဝက်ခရီးတွင် ပြည်တွင်းပြည်ပ ခရီးသွား ဘုရားဖူးဧည့်သည်များ နေ့စဉ်ဝင်ထွက်သွားလာ၍ စည်ကားနေသော ဘုရင့်ညီနောင်ရတနာ လိုဏ်ဂူဘုရား တည်ရှိလေသည်။

 

 

 

ဂူဘုရား၏ အနီးပတ်ဝန်းကျင်တွင် ပိုးကရင်၊ စကောကရင်၊ မွန်နှင့် မြန်မာလူမျိုးများ အခြေစိုက်နေထိုင်ကြပြီး အမြင့်ပေ(၄၀ဝ)ခန့်ရှိသော ဘုရင့်ညီနောင်တောင်တွင် ဘုရင့်ညီနောင်ရတနာလိုဏ်ဂူဘုရား တည်ရှိ၍ မြန်မာသက္ကရာဇ် (၄၁၉)နှစ် (အေဒီ-၁၀၅၇) အနော်ရထာမင်းလက်ထက် သထုံပြည်ကို တိုက်ခိုက်သိမ်းယူချိန်တွင်  သထုံ မနူဟာမင်းကြီး၏ သားတော်နှစ်ပါးဖြစ်သော သီဟကုမ္မာရနှင့် စိတ္တကုမ္မာရတို့ ရှောင်တိမ်းထွက်ပြေးခိုလှုံရာမှ အစွဲပြု၍ ဘုရင့်ညီနောင် လိုဏ်ဂူဟု အမည်တွင်လေသည်။

 

 

 

ဘုရင့်ညီနောင်လိုဏ်ဂူတော်သည် ရှေးကျသော လိုဏ်ဂူတော်တစ်ခုဖြစ်သည်နှင့်အညီ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကိန်းဝပ်စံပယ်လျက်ရှိပြီး နှုတ်စကား၊ ပုံပြင်ဒဏ္ဍာရီများနှင့် လိုဏ်ဂူတော်အတွင်းနှင့်အပြင်တို့တွင် စေတီတော်နှင့် ရုပ်ပွားတော်များ၊ ရှေးဟောင်း ဂဝံအုတ်ချပ်ကြီးများ၊ လက်ရေးစင်အမှတ်အသားပါသော အုတ်ချပ်ကြီးများ၊  ရှေးဟောင်းရုပ်ပွားတော်များနှင့် ကျောက်ကပ်အုတ်ခွက်ဘုရားများကို တွေ့ရှိနိုင်ကာ ရှေးဟောင်း ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များ ကိန်းဝပ်စံပယ်သော ရတနာလိုဏ်ဂူတော်အဖြစ် သတ်မှတ်နိုင်ကြောင်း သိရသည်။

 

 

 

ဂူဘုရား၏ အောက်ခြေတွင် နွေ၊ မိုး၊ ဆောင်း အဆက်မပြတ်စီးဆင်းနေသော သဘာဝရေပူစမ်းပေါက်ကြီးနှင့် ရေအေးစမ်းပေါက်တို့ ထွက်ရှိပြီး ရေပူစမ်းနှင့်ရေအေးစမ်းတို့မှ ရေများသည် ရောနှောခြင်းမရှိ တစ်ခြမ်းစီထွက်ရှိ စီးဆင်းနေကာ ကွန်ကရစ်ရေကန်များဖြင့် ကာရံထား၍ ရေချိုး၊ ရေကူးနိုင်သကဲ့သို့ အရေပြားရောဂါများ၊ ပွေး၊ ဝဲ၊ ဒက် အစရှိသည့် ယားနာဝေဒနာများ၊ အက်ကွဲပေါက်ပြဲနာ၊ အနာကြီးရောဂါ၊ ညောင်းညာကိုက်ခဲ၊  စိတ်ဖိစီးသည့် ရောဂါဝေဒနာ များအား သက်သာပျောက်ကင်းနိုင်ကြောင်း သိရသည်။

 

 

 

ဘုရင့်ညီနောင်ရတနာလိုဏ်ဂူဘုရား၏ အဝင်မုခ်ဦးသည် ဘားအံ-သထုံ ကားလမ်းဘေးတွင်တည်ရှိ၍ မော်တော်ကား၊ မော်တော်ဆိုင်ကယ်တို့ဖြင့် အထဲသို့တိုက်ရိုက်ဝင်ရောက်နိုင်ပြီး အနည်းငယ်ဝင်လိုက်ပါက ပြည်လုံးကျွတ် အေးချမ်းဓမ္မာရုံသို့ ရောက်ရှိမည်ဖြစ်ရာ ကျယ်ဝန်းသည့် ကားရပ်နားစခန်းနှင့်အတူ ဘုရားဖူးခရီးသွား ဧည့်သည်များ စားသောက်အနားယူနိုင်ရန် ဈေးဆိုင်တန်းများတွင် သန့်ရှင်းလတ်ဆတ်သည့် ဒေသထွက် အစား အသောက်များ၊ မုန့်များ၊ ယိုစုံများကို  ဝယ်ယူစားသောက်နိုင်သကဲ့သို့ ဂူဘုရားသို့ အသွားလမ်းတွင် ကရင်တိုင်း ရင်းသားရိုးရာ အဝတ်အထည်များ ရောင်းချသည့် ဈေးဆိုင်ခန်းများကိုလည်း တွေ့ရှိရမည်ဖြစ်သည်။

 

ထိုမှတစ်ဖန် ကိုက် ၅၀ဝ ခန့် လမ်းလျှောက်သွားပါက ဂူဘုရား၏အခြေ သဘာဝရေပူစမ်းနှင့် ရေအေးစမ်းပေါက် တို့မှထွက်ရှိသည့် ရေပူနှင့်ရေအေးတို့အား သိုလှောင်ထားသည့် ရေချိုးကန်များသို့ရောက်ရှိမည်ဖြစ်ပြီး ခရီးသွားဘုရားဖူး ဧည့်သည်များ ရေချိုး၊ ရေကူးနိုင်မည်ဖြစ်ကာ လိုဏ်ဂူတော်တည်ရှိရာ ဘုရင့်ညီနောင်တောင်သို့ လှေကားထစ်များဖြင့် တက်ရောက်ရမည်ဖြစ်သည်။

 

ထိုသို့လှေကားထစ်များအတိုင်း တက်ရောက်သွားပါက သာသနိကအဆောက်အအုံများနှင့် နှစ်ကျိပ်ရှစ်ဆူသော စေတီတော်များ အပါအဝင် စေတီတော်များအား ဖူးမြော်ကြည်ညို၍ လိုဏ်ဂူတော်အဝင်ဝသို့ ရောက်ရှိမည်ဖြစ်ပြီး လိုဏ်ဂူတော်အတွင်း၌  ထူးခြားသောပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကျောက်ခက်ပန်းဆွဲများ၊ ရှေးဟောင်းရုပ်ပွား ဆင်းတုတော်များအား ဖူးမြော်ကြည်ညိုရမည်ဖြစ်ကာ အတွင်းသို့ ကွန်ကရစ်လူသွားလမ်းအတိုင်း ပေ ၆၀ဝ ခန့်ဝင်သွားပါက လိုဏ်ဂူ အဆုံးတွင် အမြင့် ၃ ပေခန့်ရှိ ပလ္လင်အုတ်ခုံတော်ပေါ်တွင် ဗုဒ္ဓရုပ်ပွားဆင်းတုနှစ်ဆူခြံရံလျက် ဆုတောင်းပြည့် စေတီတော်ကို ဖူးမြော်ရမည်ဖြစ်သည်။

 

 

 

ဘုရင့်ညီနောင် ရတနာလိုဏ်ဂူဘုရားသို့ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းပြည်ပ ဘုရားဖူး ခရီးသွား ဧည့်သည်များ နေ့စဉ်ဝင်ထွက်သွားလာလျက်ရှိပြီး ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ဘုရားဖူးဧည့်သည် ၃၀ဝ ဦးမှ ၄၀ဝ ဦးခန့် လာရောက်ကြကြောင်းနှင့် အစိုးရရုံးပိတ်ရက်များ၊ ကျောင်းပိတ်ရက်များ၊ နေ့ကြီးရက်ကြီး၊ အခါကြီးရက်ကြီးများတွင် ဘုရားဖူးဧည့်သည်များ ပိုမိုများပြားစွာ လာရောက်ကြကြောင်း အဆိုပါ ဂူဘုရားတွင် သီတင်းသုံးသည့် ဆရာတော်ကြီး တစ်ပါးက မိန့်ကြားသည်။

 

ဘုရင့်ညီနောင် ရတနာလိုဏ်ဂူဘုရားသည် ကရင်ပြည်နယ်၏ အထင်ကရနေရာတစ်ခုအနေဖြင့် ဘားအံမြို့၊ သထုံမြို့တို့နှင့် နီးကပ်စွာတည်ရှိနေခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ အေးချမ်းသာယာ၍ သမိုင်းဝင် အမွေအနှစ်များအား အလွယ်တကူလေ့လာနိုင်ခြင်း၊ ပတ်ဝန်းကျင်ဒေသများမှ တိုင်းရင်းသားများ၏ ယဉ်ကျေးဖော်ရွေ ခြင်း တို့ကြောင့် သွားလာလည်ပတ် ဘုရားဖူးအပန်းဖြေရန် အကောင်းဆုံး ရှေးဟောင်းသမိုင်းဝင် ရတနာလိုဏ်ဂူဘုရား ဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)