အောက်တိုဘာ ၆
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းလုပ်သား ၁၈၀ဝ၀ဝ ကျော်ကို အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ခွင့်ပြုမိန့်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက် ၁၇၁ ခုမှ ပြည်တွင်းလုပ်သား ၁၈၀ဝ၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း၊ ယခင် ခွင့်ပြုပြီးလုပ်ငန်းများမှလည်း လုပ်သားအင်အားတိုးမြှင့်ခြင်းကြောင့် ပြည်တွင်းလုပ်သား ၄၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကာ်မရှင်(MIC) ခွင့်ပြုမိန့်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက် ၂၈၂ ခုမှ ပြည်တွင်းလုပ်သား ၁၅၀ဝ၀ဝ ခန့်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း၊ ယခင်ခွင့်ပြုပြီးလုပ်ငန်းများမှလည်း လုပ်သားအင်အား တိုးမြှင့်ခြင်းကြောင့် ပြည်တွင်းလုပ်သား ၁၆၀ဝ၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်းလုပ်သားများကို အလုပ်အကိုင် ဖန်တီးပေးနိုင်သကဲ့သို့ ပြည်ပလုပ်သား ၅၀ဝ၀ ကျော်ကိုလည်း အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇၁ ခုမှ အမေရိကန်ဒေါ်လာ ၃၇၉ ဒသမ ၆၅၈ သန်းအပါအဝင် ကျပ်သန်းပေါင်း ၁၄၃၂၃၇၁ ဒသမ ဝ၃၁ သန်း ရရှိထားပြီး ယခင်လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၇၃ ဒသမ ၂၉၅ သန်းအပါအဝင် ကျပ်သန်းပေါင်း ၁၆၉၄၅၆၈ ဒသမ ဝ၈၀ သန်း ရရှိထားကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၈၂ ခုမှ အမေရိကန်ဒေါ်လာ ၂၇၆၄ ဒသမ ၁၂၈ သန်း ရရှိထားပြီး ယခင် လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၄၁၅၈ ဒသမ ၄၇၄ သန်း ရရှိထားကြောင်း၊ ထို့ပြင် အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၆၂ ဒသမ ၂၈၀ သန်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၄၅၂၀ ဒသမ ၇၅၄ သန်းဖြစ်ကြောင်း သိရသည်။
ငြိမ်းငြိမ်း


