ရန်ကုန်  ၂၀  ဧပြီ

 

ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုမှ ယခုဘဏ္ဍာနှစ်ခြောက်လအတွင်း ပြည်တွင်းလုပ်သား တစ်သိန်းလေးသောင်းကျော်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကာ်မရှင်(MIC) ခွင့်ပြုမိန့်အရ ယခုဘဏ္ဍာနှစ်ခြောက်လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများကို အလုပ်အကိုင် ဖန်တီးပေးလျက်ရှိရာ ယခင်ခွင့်ပြုပြီးလုပ်ငန်းများမှ လုပ်သားအင်အား တိုးမြှင့်မှုအပါအဝင် ပြည်တွင်းလုပ်သား ၁၃၀ဝ၀ဝ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ခွင့်ပြုမိန့်အရ ယခုဘဏ္ဍာနှစ်ခြောက်လအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမျာမှ  ပြည်တွင်းလုပ်သားများကို အလုပ်အကိုင် ဖန်တီးပေးလျက်ရှိရာ ယခင်ခွင့်ပြုပြီးလုပ်ငန်းများမှ လုပ်သားအင်အား တိုးမြှင့်မှုအပါအဝင် ပြည်တွင်းလုပ်သား ၁၁၀ဝ၀ ကျော် အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ ယခုဘဏ္ဍာနှစ်ခြောက်လအတွင်း ပြည်ပလုပ်သားများကိုလည်း အလုပ်အကိုင် ဖန်တီးပေးလျက်ရှိရာ ယခင်ခွင့်ပြုပြီးလုပ်ငန်းများမှ လုပ်သားအင်အား တိုးမြှင့်မှုအပါအဝင် ပြည်ပလုပ်သား ၃၆၀ဝ ကျော်ကိုအလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း သိရသည်။

 

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ ယခုဘဏ္ဍာနှစ် ခြောက်လကျော်အတွင်း(အောက်တိုဘာ ၁ ရက်နေ့မှ ဧပြီ ၃ ရက်နေ့အထိ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅၄ ခုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၃၅၉ ဒသမ ၆၆၂ သန်းဖြစ်ပြီး ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၂၇၅ ဒသမ ၂၈၁ သန်း ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန် ဥပဒေအရ  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ဧပြီ ၃ ရက်နေ့အထိ ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၈၅၇ သန်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ဧပြီ ၃ ရက်နေ့အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃၃၆၇ ဒဿမ ၁၃၈ သန်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ထံမှ သိရသည်။

 

အလားတူ  ယခုဘဏ္ဍာနှစ် ခြောက်လကျော် အတွင်း (အောက်တိုဘာ ၁ ရက်နေ့မှ ဧပြီ ၃ ရက်နေ့အထိ) မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့သည့် လုပ်ငန်း ၆၉ ခုမှ အမေရိကန်ဒေါ်လာ ၁၅၉ ဒသမ ၅၂၆ သန်းအပါအဝင် ကျပ် ၉၄၆၅၅၁ ဒသမ ၁၁၁ သန်း ရရှိထားကြောင်း၊ ယခင် ခွင့်ပြုပြီးလုပ်ငန်းများမှလည်း ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၅၂ ဒသမ ၉၂၆ သန်းအပါအဝင် ကျပ် ၁၂၁၁၈၉၄ ဒသမ ၇၈၁ သန်း ရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ စာရင်းများအရ သိရသည်။

 

Nyein Nyein