နေပြည်တော် အောက်တိုဘာ ၃၁
ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရှိ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဌ၊ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် မိမိတို့နယ်မြေအတွင်း ပြည်တွင်း/ ပြည်ပခရီးသွားများအတွက် ဆွဲဆောင်မှုရှိပြီး သွားလာလည်ပတ်သင့်သော ခရီးစဉ် ဒေသလမ်းကြောင်း များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေးနှင့် ခရီးသွားလုပ်ငန်း အခြေခံအဆောက်အဦကဏ္ဍတွင် ဦးစား ပေးရင်းနှီး မြှုပ်နှံမှုများ မြင့်မားလာစေရေးအတွက် ရင်းနှီးမြှုပ်နှံသူများနှင့် အများပြည်သူများကို ရှင်းလင်းချပြ ဆွေးနွေးနိုင်သည့် Tourism Investment Forum များ ပြုလုပ်ရန်လိုအပ်ကြောင်း၊ ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ပွဲတော်ပြက္ခဒိန် (Event Calendar) များကို နှစ်စဉ်ထုတ်ဝေနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက် လာကြသော ကော်မတီဝင်များအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်ကောင်း မွန်လာစေရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄)ကြိမ် မြောက်အစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ကော်မတီမှဆုံးဖြတ်ပေးရမည့် အမှာစာများကို ဖတ်ကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီဝင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ၊ ပုဂ္ဂလိက ခရီးသွား အဖွဲ့အစည်းကိုယ်စားလှယ်များက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ လုပ်ငန်းလိုင်စင်များ ထုတ်ပေးထားရှိမှုနှင့် ခရီးသွားဧည့်သည်ဝင်ရောက်မှု၊ ခရီးစဉ်ဒေသအသစ်များနှင့် ခရီးသွားဆွဲဆောင်ရာ နေရာများ ဖော်ထုတ်ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တက်ရောက် လာကြသူများက မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေး၊ ခရီးသွားဈေးကွက်မြှင့်တင်ရေး၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းအခြေခံ အဆောက် အဦများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


