မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ ပြည်ပနိုင်ငံအသီးသီးသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ရောက်ရှိ နေကြသည်ဟု မှတ်သားရဖူးသည်။ အာဆီယံအလုပ်သမားဈေးကွက်တွင် သုံးပုံတစ်ပုံခန့်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်ပြီး အများဆုံးလည်းဖြစ်သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ဝဝ လျှင် ၇၀ ဦးက ထိုင်းသို့ လည်းကောင်း၊ ၁၅ ဦးက မလေးရှားသို့ လည်းကောင်း သွားရောက်ကြခြင်းဖြစ်ပြီး ကျန် ၁၅ ဦးမှာ စင်ကာပူ၊ ဂျပန်၊ ကိုရီးယားနှင့် အခြားနိုင်ငံများသို့ သွားရောက်ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ ပြည်ပသို့ အများဆုံး ထွက်ခွာနေကြသော်လည်း အများစုမှာ ကျွမ်းကျင်အလုပ်သမားများ မဟုတ်။ ၈၀ ရာခိုင်နှုန်းသော မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ အခြေခံပညာ အလယ်တန်းအဆင့်မျှသာ ရှိကြသည်ဟု တာဝန်ရှိသူများက ပြောထားသည်။ ပြည်တွင်း ပြည်ပ လုပ်သားဈေး ကွက်တွင် ကျွမ်းကျင်လုပ်သားရှားပါးမှုမှာ အဓိက စိန်ခေါ်မှုတစ်ခုဖြစ်နေသည်။ ပြည်တွင်း၌ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမှုနှင့်အတူ လုပ်ငန်းကဏ္ဍ နယ်ပယ်အသီးသီးတို့တွင် ကျွမ်းကျင်လုပ်သားလိုအပ် ချက်မှာလည်း မြင့်မားလာသည်။ အချို့ လုပ်ငန်းများတွင် ပြည်တွင်းမှ ကျွမ်းကျင်လုပ်သား ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသောကြောင့် ပြည်ပမှ ကျွမ်းကျင်လုပ်သားများကို ခေါ်ယူလုပ်ကိုင်လာကြပြီး ပြည်တွင်းမှ လုပ်သားများမှာ ကျွမ်းကျင်မှုမလိုအပ်သည့် အောက်ခြေသိမ်းအဆင့်နိမ့် အလုပ်များအတွက်သာ ခေါ်ယူကြသည်ဟုဆိုသည်။ ပြည်ပသို့ရွှေ့ပြောင်း အလုပ်သမားများအဖြစ် ထွက်ခွာကြရာတွင်လည်း အလုပ်အကိုင် ကျွမ်းကျင်မှုအတတ်ပညာ ဘာမှပါရှိမသွားဘဲ အထွေထွေအလုပ်သမား များအဖြစ်သာ သွားရောက်ကြခြင်းကြောင့် အဆင့်နိမ့်အလုပ်၊ ရရာ အလုပ်များတွင် လုပ်ခလစာ နည်းပါးစွာဖြင့်သာ ဝင်ရောက်လုပ်ကိုင် ကြရသည်။
ယင်းအခြေအနေများကို ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းများပေးကာ ကျွမ်းကျင်လုပ်သားများ ဖြစ်ပေါ်လာအောင် လူ့စွမ်းအားအရင်းအမြစ်များ မြှင့်တင်မှုကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလုပ်အကိုင်အမျိုး အစားအလိုက် ကျွမ်းကျင်မှု “စံ”များကို သတ်မှတ်ပြီး စစ်ဆေးအကဲ ဖြတ်ကာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို ထုတ်ပေးခြင်းဖြင့် ပြည်တွင်းပြည်ပ လုပ်သားဈေးကွက်များအတွက် အရည်အချင်းပြည့် ဝသည့် ကျွမ်းကျင် လုပ်သားများကို ဖြည့်ဆည်းပေးနိုင် ကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ (National Skills Standards Authority- NSSA) က အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ စစ်ဆေး အကဲဖြတ်ပေးလျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ အလုပ်အကိုင် ၂၃ မှ အမျိုးသားအဆင့် ကျွမ်းကျင်မှုအဆင့် (၁) ၁၃၀၆၂ ဦး၊ ကျွမ်းကျင်မှုအဆင့် (၂) ၁၀၅၉ ဦး စုစုပေါင်းလုပ်သား ၁၄၁၂၁ ဦးတို့ကို အရည်အချင်းပြည့်မီကြောင်း စစ်ဆေးအကဲဖြတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အလုပ်လုပ်နိုင်သည့်အရွယ် လူငယ်ဦးရေ မြင့်မားသည့် အခြေအနေတစ်ရပ်ကို ဆုလာဘ်တစ်ခု သဖွယ် ပိုင်ဆိုင်ထားသည်။ အရေအတွက်အရ များပြားသလို အရည်အသွေးအရလည်း ပြည့်ဝမှသာလျှင် လူ့စွမ်းအား အရင်းအမြစ်ကြွယ်ဝသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ကျောင်းသင်ပညာကို ပြည့်စုံပြီးမြောက်အောင် မသင်ယူ နိုင်သူများ အသက်မွေးဝမ်းကျောင်းပညာရေးသို့ ရွှေ့ပြောင်းသင်ယူခြင်း၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ တက်ရောက်ကာ မိမိကိုယ်ကို အရည်အသွေးမြှင့်တင်ခြင်းဖြင့် ကျွမ်းကျင်လုပ်သား တစ်ဦးအဖြစ် မိမိ၏ ဘဝအခြေအနေ တိုးတက်မြင့်မားစေသလို နိုင်ငံကိုလည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုရာရောက်စေသည်။
ကျွမ်းကျင်သည့် လုပ်သားကောင်းတစ်ယောက်ဖြစ်ရန်မှာ လုပ်ငန်းခွင် ကျွမ်းကျင်မှုအပြင် တာဝန်ကျေပွန်မှု၊ စည်းကမ်းကောင်းမွန်မှုကလည်း လိုအပ်သည်။ ထို့အပြင် နည်းပညာများ တိုးတက်ပြောင်းလဲလာသည် နှင့်အမျှ မျက်ခြည်ပြတ်မခံဘဲ လိုက်ပါပြောင်းလဲတိုးတက်စေကာ မိမိအရည်အသွေးကို မိမိကိုယ်တိုင် မြှင့်တင်ခြင်းဖြင့် လုပ်သားဈေး ကွက်တွင် အခြားနိုင်ငံသား လုပ်သားများနှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း