ပြည်တွင်းပုဂ္ဂလိကဆေးဝါးစက်ရုံဖွင့်လှစ်

ရန်ကုန် ၃ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံတွင်း ဆေးဝါးလိုအပ်ချက်အရ ပြည်တွင်းပုဂ္ဂလိက ဆေးဝါးစက်ရုံ တစ်ရုံဖြစ်သည့် S.S.I Pharmaceu-tical Factory ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ စက်မှုဇုန်အတွင်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအတွင်း အရည်အသွေး ကောင်းမွန်သည့် အိမ်သုံးဆေးဝါးများ ထုတ်လုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားသော GMP Guideline နှင့်အညီ တစ်နှစ်အတွင်း ဆေးပြားအရေအတွက် သန်းသုံးရာ ထုတ်လုပ်နိုင်ရန် လျာထားကြောင်း သိရသည်။

 

အဆိုပါ စက်မှုဇုန်အတွင်း အသစ်ဖွင့်လှစ်ခဲ့သည့် Silver Shine International Co., Ltd ဆေးဝါးစက်ရုံဖွင့်ပွဲကို စက်မှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ် နှင့်တာဝန်ရှိသူများက လာရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

 

“ဆေးဝါးထုတ်လုပ်ရာမှာ ဘေးကင်းလုံခြုံမှု၊ အာနိသင်ရှိမှုနှင့် စိတ်ချယုံကြည်ရတဲ့ ဆေးဝါးတွေကို ပြည်တွင်းမှာဘဲ FDA ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ထုတ်လုပ်သွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာပြည်သူပြည်သား တွေအတွက် အန္တရာယ်ကင်း အာနိသင်ရှိတဲ့ လုံခြုံစိတ်ချရတဲ့ဆေးတွေကို ပြည်တွင်းမှာဘဲ ထုတ်လုပ်ပြီး သုံးစွဲနိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံအတွက် များစွာအကျိုးရှိပါတယ်” ဟု စက်မှုဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်က ပြောသည်။

 

 

ယခုဖွင့်လှစ်သော S.S.I ဆေးဝါးစက်ရုံသည် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ရင်းနှီးမြုပ်နှံထားကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဆေးဝါးနှစ်မျိုးကိုသာ ထုတ်လုပ်ခွင့်ရရှိထားပြီး၊ ဆေးဝါးထုတ်လုပ်ခွင့်ပြုမိန့်များ ရရှိပါက ဆေးဝါးအမျိုးအမည် ၂၀ ခန့် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ယခင်က စက်မှုဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သော BPI ဆေးဝါးစက်ရုံတစ်ရုံသာ ရှိခဲ့ရာမှ နောက်ပိုင်းတွင် ပြင်ဦးလွင်ဆေးဝါးစက်ရုံ၊ ကျောက်ဆည်အနီးတွင် ဆေးဝါးစက်ရုံတစ်ရုံနှင့် တပ်မတော် လက်အောက်ရှိ မှော်ဘီဆေးဝါးစက်ရုံများ တည်ဆောက်လာနိုင်ခဲ့ကြောင်း သိရသည်။ ဆေးဝါးထုတ်လုပ်မှုကို အစိုးရမှသာတာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ် နောက်ပိုင်းမှစ၍ ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းများကို အားပေးရန် မူဝါဒများ ချမှတ်ခဲ့သည်။ ဆေးဝါးများကို နိုင်ငံလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်ပမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၃၀ဝ တန်ဖိုးရှိ ဆေးဝါးများ တင်သွင်းနေရပြီး ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၄၀ဝ ဖိုးနီးပါး တင်သွင်းနေရကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)