ပြည်တွင်းရေးစွက်ဖက်မှု လက်မခံ ဆန့်ကျင်ကန့်ကွက်

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံ့တာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှိသူအချို့က အပြုသဘော မဆောင်သော သတင်းထုတ်ပြန်မှုများပြုလုပ်ခဲ့သည်ကို စိတ်ပျက်ဖွယ်ကြားသိခဲ့ရပါသည်။ မြန်မာနိုင်ငံအပေါ် အစဉ်တစိုက် အကောင်းမမြင်သော သဘောထားရှိသောသူများ၏ ပြောဆိုချက်များမှာ အထူးအဆန်းမဟုတ်သော်လည်း အမှန်တရားကို မျက်ကွယ်ပြုပြီး တစ်ဖက်သတ် ဘက်လိုက်ပြောဆိုချက်များကိုမူ လက်မခံ တုံ့ပြန်ကန့်ကွက်ပယ်ချ ရမည်ဖြစ်သည်။

 

ကမ္ဘာပေါ်ရှိနိုင်ငံအများစုသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အကောင်းဘက်သို့ ရောက်ရှိစေလိုသောဆန္ဒရှိကြသော်လည်း နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှိသူ အချို့အနေဖြင့် မြန်မာနိုင်ငံ၏ ပကတိဖြစ်စဉ်အမှန်ကို မျက်ကွယ်ပြုပြီး မမှန်ကန် သော သတင်းအချက်အလက်အမှားများကို ကိုးကား၍ မြန်မာနိုင်ငံအပေါ် စွပ်စွဲပြစ်တင်ပြောဆိုချက်များသည် ပြည်တွင်းရေးကို ရည်ရွယ်ချက်ရှိရှိ စွက်ဖက်နေခြင်းနှင့် ကုလသမဂ္ဂ၏ အခြေခံမူများကို လိုက်နာရန်ပျက်ကွက်ပြီး လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်နေခြင်းသာဖြစ်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှု ဖြစ်စဉ်များနှင့်ပတ်သက်ကျူးလွန်သူများကို မှန်ကန်စွာထုတ်ဖော်ပြောကြားခြင်းမပြုဘဲ အကြမ်းဖက်မှုများကို ဖြေရှင်းနေသော အစိုးရအပေါ်ကိုသာ ပြစ်တင်ပြောဆိုနေခြင်းသည် တရားမျှတမှုမရှိသည့် ဘက်လိုက်မှုသာ ဖြစ်သည်။

 

၎င်းနိုင်ငံအချို့နှင့် ကုလသမဂ္ဂမှ တာဝန်ရှိသူအချို့သည် ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲ ရပ်တည်နေထိုင်နိုင်ရေး၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေးတို့ကို တွန်းအားပေးပြောဆိုနေသော်လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပရေး ကြိုးပမ်းလုပ်ဆောင်မှုများကို အကောင်းမမြင် ပြစ်တင်ပြောဆိုနေကြသည်မှာ ရှေ့နောက်မညီ အမြီးအမောက်မတည့်သည့် လုပ်ဆောင်ချက်များဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ အကြမ်းဖက်မှုကို မလိုလားဟုဆိုသော်လည်း အကြမ်းဖက်အုပ်စုများဖြစ်သည့် NUG၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူ ငါးထောင်ကျော်၏ အသက်ခန္ဓာနှင့်မိသားစုဘဝများ ဆုံးရှုံးပျက်စီးမှုများကို ဖုံးကွယ်ထားနိုင်သည်မှာ အံ့ဩစရာဖြစ်နေသည်။ ထိုသို့ဖုံးကွယ်ထား၊ မျက်ကွယ်ပြုထားခြင်းသည် အကြမ်းဖက်မှုကို အားပေးရာရောက်နေသည်ကို သတိပြုသင့်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တာဝန်များထမ်းဆောင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားကို ရှေးရှု၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်တို့ဖြင့် အကောင်အထည်ဖော်နေသည်။ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အကြမ်းဖက်မှုများနှင့် အဖျက်အမှောင့်လုပ်ငန်းများ ပိုမိုအားကောင်းလာစေမည့် လုပ်ဆောင်မှုများကို ပြုလုပ်နေမည့်အစား ပြည်သူများ၏ဆန္ဒနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်နေသည့် ကြိုးပမ်းအားထုတ်မှုများကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် တန်းတူ ညီမျှမှုကို လေးစားသောအားဖြင့် အပြုသဘောဆောင်၍ အထောက်အကူပြုသင့်ပါသည်။

 

ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများအနေဖြင့် မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရုံးခန်းများဖွင့်လှစ်၍ လုပ်ဆောင်နေမှုများနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ရန်ပင်မရှိပါ။ မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ်ရေး ကဏ္ဍနှင့်ပတ်သက်၍ ဘေးအန္တရာယ် ကျရောက်မှုအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA Centre) နှင့်လည်းကောင်း၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများနှင့်လည်းကောင်း ညှိနှိုင်းဆောင်ရွက်ပေး လျက်ရှိသည်ကို အလေးထားသင့်ပါသည်။ မြန်မာနိုင်ငံအား စိတ်ရင်းစေတနာမှန်စွာ ဖြင့် ကောင်းမွန်သောအခြေအနေသို့ ရောက်ရှိစေလိုပါက မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီဖြစ်ထွန်းရေး ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုသင့်ပါသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအပေါ် ဖိအားပေးနှောင့်ယှက်မှုများ အမျိုးမျိုးရှိနေသော်လည်း စစ်မှန်သောဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးကို အောင်မြင် အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖြစ်ပေါ် ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲမသမာမှုများနှင့်တရားမဲ့ ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အာဏာအလွဲသုံးစားပြုလုပ်မှုများ၊ အကြမ်းဖက်သမားများ၏လုပ်ရပ်များ စသည့် သက်သေအထောက်အထားများ အထင်အရှားရှိပြီးဖြစ်ရာ ယင်းတို့ကိုမျက်ကွယ်ပြု၍ မမှန်ကန်သောအချက်အလက် များဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သောလုပ်ရပ်များနှင့် သိက္ခာမဲ့သော ပြောဆိုထုတ်ပြန်မှုများကို လက်မခံ ဆန့်ကျင်ကန့်ကွက် ရှုတ်ချ ရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ