စစ်တွေ ဇူလိုင် ၉ 

ရခိုင်ပြည်နယ်အတွင်း  ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် မုန်တိုင်းဒဏ်သင့် မြို့နယ်များသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနပိုင် ရခိုင်ဌာနခွဲမှ သင်္ဘောများဖြင့် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများကို မေ ၂၃ ရက်မှ ဇူလိုင် ၈ ရက်အထိ တန်ချိန် (၃၈၁၇ ဒသမ ၂၁)တန်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနပိုင် ရခိုင်ဌာနခွဲမှ သင်္ဘော များဖြစ်သော ကုလားတန်(၁၊၂၊၃၊၄၊၅၊၆) ရေယာဉ်များဖြင့် မုန်တိုင်းသင့်ဒေသများဖြစ်သော ဘူးသီး တောင်၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့များသို့ စားနပ်ရိက္ခာများ၊ထောက်ပံ့ရေးကုန်ပစ္စည်းများ၊ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိသည်။

အဆိုပါကုလားတန်သင်္ဘောများသည် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေဘေးသင့်ဒေသများ သို့ပို့ဆောင်ပေးခဲ့ရာတွင် ခေါက်ရေ(၁၇ခေါက်)၊ စုစုပေါင်းတန်ချိန် (၃၈၁၇ ဒသမ ၂၁)တန်ကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန ရခိုင်ဌာနခွဲမှသိရသည်။ 

တင်ထွန်း(ပြန်/ဆက်)