ရန်ကုန် မေ ၁၆

အနာဂတ် ခြေစွမ်းထက်မျိုးဆက်သစ်ဖြစ်ပြီး ပြည်တွင်းထိပ်သီးကလပ်အချို့ကို ယှဉ်ပြိုင်အနိုင်ကစားထားသည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းက တရုတ်ယူ-၂၀နှင့် ခြေစမ်းပွဲ (၂) ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ လက်ရွေးစင်ဘောလုံးအသင်းကို MFF ဘောလုံးအကယ်ဒမီထွက် ကစားသမားများ၊ တိုင်းနှင့်ပြည်နယ် လက်ရွေးစင်ကစားသမားများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ ခြေစွမ်းထက် လူငယ်မျက်နှာသစ်ကစားသမားများဖြင့် စုဖွဲ့ထားပြီး နည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်နေခြင်း ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့အကြား ကြိုတင်ညှိနှိုင်းဆွေးနွေးမှုအရ မြန်မာအမျိုးသား ယူ-၂၀ ဘောလုံးအသင်းသည် တရုတ်အမျိုးသား ယူ-၂၀ ဘောလုံးအသင်းနှင့် လာမည့် မေ ၃၀ ရက်နှင့် ဇွန် ၂ ရက်တို့တွင် တရုတ်နိုင်ငံ၊ Xianghe မြို့၌ ကွင်းပိတ် ခြေစမ်းပွဲ (၂) ပွဲ သွားရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပါသည်။

အဆိုပါ ဘောလုံးအသင်းသည် ၂၀၂၄ ဇူလိုင်လတွင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အသက် (၁၉) နှစ်အောက် အာဆီယံအမျိုးသားဘောလုံးပြိုင်ပွဲနှင့် စက်တင်ဘာလတွင် ကျင်းပမည့် အသက် (၂၀) နှစ်အောက် အာရှအမျိုးသားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ်များသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကာလရှည် စခန်းသွင်းလေ့ကျင့်နေ‌‌သော အသင်းဖြစ်သည်။

စခန်းသွင်းလေ့ကျင့်စဉ်ကာလအတွင်း မြန်မာနေရှင်နယ်လိဂ် ထိပ်တန်းကလပ်အသင်းများဖြစ်သည့် ရှမ်းယူနိုက်တက်အသင်း၊ ဟံသာဝတီယူနိုက်တက်အသင်း၊ ရန်ကုန်ယူနိုက်တက်အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ပြီး (၂) ပွဲနိုင်၊ (၁) ပွဲရှုံးရလဒ်ကို စွမ်းဆောင်ထားနိုင်ခဲ့သည်။
Htet Oo Maung