ပြည်တွင်းထွက် ဆန်၊ပဲ၊ ပြောင်း၊ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

မကွေး ၉ ဇူလိုင်

မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံ အခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကို ဇူလိုင်လ ၉ ရက် ယနေ့ နံနက် ၉ နာရီခွဲက တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စီမံကန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း တက်ရောက် အမှာစကားပြောကြားသည်။

ဒီသင်တန်းက ပြည်တွင်းထွက် ဆန်၊ပဲ၊ ပြောင်း၊ဂျုံနှင့် အသီးအနှံများကို အခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်တဲ့ သင်တန်းဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်းမှာ ထွက်ရှိသည့် မုန့်ပဲသရေ စာများဟာ ကျန်းမာရေးနဲ့ ညီညွတ်စွာ ထုတ်လုပ်ထားမှုမရှိဘဲ ဈေးကွက်အတွင်းမှာရှိတဲ့ အစားအသောက်တွေဟာ စားသုံးရန်မသင့်တဲ့ အရောင်၊ဆိုးဆေးများစွာနဲ့ ထုတ်လုပ်ထားကြတာကို တွေ့ရှိထားရတဲ့အတွက် စားသောက်ကုန် ထုတ်လုပ်သူများအနေနဲ့ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံများကို အခြေခံသော အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရည်အသွေး ကောင်းမွန်တဲ့ တန်ဖိုးမြှင့်ထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်တတ်လာစေရေး၊ သဘာဝပစ္စည်းများ ကို အခြေခံကာ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်တတ်လာစေရေးနဲ့ အသေးစားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်း အမယ်သစ်များ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်ဟု ဝန်ကြီးဦးဇော်မင်းက ပြောသည်။

သင်တန်းကို တက်ရောက်လာတဲ့ သင်တန်းသားများအနေနဲ့ နိုင်ငံခြားမှတင်သွင်းလာ သော စားသောက်ကုန်ပစ္စည်းများနေရာတွင် ပြည်တွင်းမှာထုတ်လုပ်တဲ့ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်သော အရည်အသွေးကောင်းမွန်တဲ့ စားသောက်ကုန်များနဲ့ အစားထိုးနိုင်ရန် တာရှည်ခံနည်းပညာဖြင့် စနစ်တကျ ထုတ်လုပ်နိုင်စေရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် လာနိုင်ပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန်အတွက် နည်းပြများက သင်ကြားပေးသော နည်းပညာများကို အကျိုးရှိအောင် ကြိုးစားသင်ယူသွားကြဖို့ ဝန်ကြီးက မှာကြားသည်။

သင်တန်းဖွင့် အခမ်းအနားသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေး တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား သင်တန်းသူ(၂၀)ဦးတို့ တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ ဇူလိုင်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ(၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)