လယ်ဝေး နိုဝင်ဘာ ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှု လက်မှုဦးစီးဌာနမှ ဖွင့်လှစ်သည့် ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့်သီးနှံ အခြေခံ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လယ်ဝေးမြို့ သစ်ဆန်းရောင်းဝယ်ရေး သမအသင်းတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် နေပြည်တော် အသေးစားစက်မှုလက်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်က သင်တန်းသားများအား ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့်သီးနှံ အခြေခံတန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်ကြပြီး အဆိပ်အတောက်ကင်းစင်သည့် စားသောက်ကုန်များကို စီးပွားဖြစ်ထုတ်လုပ်နိုင်သည်အထိ ကြိုးစားလုပ်ဆောင်သွားရန် လိုအပ်ကြောင်း အမှာစကားပြောကြားပြီး လယ်ဝေးမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးဝင်းက သင်တန်းသားများအား အမှာစကား ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းသား များအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းက သင်တန်းအတွက် ကျွေးမွေးစရိတ်ထောက်ပံ့ကြေးငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ဖြူဖြူလွင်က ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့်သီးနှံ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၏ အဓိကရည်ရွယ်ချက်များဖြစ်သည့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ဒေသထွက်သီးနှံများကိုအခြေခံ၍ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အလို့ငှာ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသားများကိုယ်တိုင် ပြုလုပ်ထားသည့် သရက်ယို၊ ခရမ်းချဉ်သီးယို၊ ဇီးယို၊ ရှောက်တလုံးယို၊ နာနတ်ယို ၊ နာနတ်သီးဖျော်ရည်၊ ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ သံပုရာဖျော်ရည်၊ နာနတ်ဝိုင်၊ ဆော့၊ စာကလေးခွေ၊ Butter Cake၊ Cup Cakeနှင့် ကွက်ကီး စသည့် တန်ဖိုးမြင့်စားသောက်ကုန်များအား ကြည့်ရှု အားပေးသည်။
အဆိုပါသင်တန်းကို နိုဝင်ဘာ(၄)ရက်နေ့မှ (၁၀)ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး သင်တန်းနည်းပြ(၂)ဦးဖြင့် သင်တန်းသား(၂၀)ဦးအား ပို့ချသင်ကြားခဲ့ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)


