၁၉ ဇူလိုင်
၂၀ဝ၈ ခုနှစ်တွင် DJ အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ကတည်းက သားစိုး နှင့်အတူ ဂီတတွေ ဖန်တီးခဲ့သူ တစ်ဦးက ထုတ်လုပ်သူများအပေါ် သူ၏ သဘောထားမှတ်ချက်တစ်ခုကို မြန်မာ့အလင်းပရိသတ်ကြီးထံ ပြောပြခဲ့သည်။
“ကျွန်တော်ဒီအခွေလေးစလုပ်မယ် ဆိုတော့ အားလုံးကတားကြတယ်၊ ခေတ်မကောင်းဘူးပေါ့နော်၊ အမှန်ကလည်း ဟုတ်ပါတယ်၊ ဘယ်သူမှမလုပ်ရဲတဲ့အချိန်မှာ ကျွန်တော်က ပရိသတ်ကိုခံစားစေချင်တာကြောင့် ဖန်တီးတာ။ ကျွန်တော့်အခွေထဲက သီချင်းတွေဖန်တီးတဲ့အခါမှာ ကိုယ်ဘယ်သီချင်းကိုစပြီး တီးမလဲ၊ ဘယ်သူနဲ့ ဒီသီချင်းကလိုက်ဖက်လဲ ဆိုတာမျိုးကို ရွေးချယ်တယ်။ သီချင်းအပုဒ်တွေ သေသေချာချာ စီစဉ်လိုက်တယ်၊ သီချင်း တွေကို လိုက်ဖက်တဲ့ အဆိုတော် နဲ့ ဆိုခိုင်းပြီး တီးပါတယ်။ ကျွန်တော် EDM စပြီးလုပ်တာ ၂၀၁၀၊ ၂၀၁၂ ခုနှစ်လောက်မှာ Electro House တွေက ခေတ်စားလာတယ်။ အဲဒီအချိန်မှာ ကျွန်တော်က အွန်လိုင်းပေါ်မှာကိုယ်တိုင် ဖန်တီးခဲ့တဲ့ သီချင်းလေးတွ အမြဲလိုလို တင်ဖြစ်ခဲ့တယ်၊ ပရိသတ်နှစ်သက်အားပေးမူတွေလည်း ရခဲ့ပါတယ်၊ နောက်ပိုင်း ကိုသားစိုးကနေ ကျွန်တော် တီးတာလေးတွေ သဘောကျတယ်ဆိုပြီးဆက်သွယ်လာခဲ့တယ်။ သူ့အခွေမှာ တီးခတ်ပေးဖို့ဆိုပြီး၊ ကျွန်တော် ကိုသားစိုး အခွေတွေမှာဝင်ရောက် တီးပေးရင်း အနုပညာလမ်းကြောင်းပေါ်ရောက်လာတယ်" ဟု DJ Mas ကပြောသည်။
DJ ပညာကို DJ သော်သော် ထံတွင် လေ့လာသင်ကြားခဲ့ပြီး၊ ဈေးကွက်ပျက်နေသည့် ယနေ့ခေတ် ဂီတလောကကြောင့် ဝမ်းစာရေးအတွက် ရပ်တည်နိုင်ရန် Sky Net Channel တွင် electric Music ကိုတာဝန်ယူထားသော ဝန်ထမ်းတစ်ယောက်ဖြစ်သည်။
ပြည်ပနိုင်ငံများတွင် EDM Music ပွဲတော်များကို တစ်နှစ်လျှင် တစ်ကြိမ်မျှသာကျင်းပသော်လည်း၊ ပြည်တွင်း၌ တစ်လအတွင်းပင် ပွဲပေါင်းများစွာကျင်းပနေရခြင်းအပေါ် DJ Mas က "ကျွန်တော်တို့ နိုင်ငံမှာ Music Producer တွေ ရှိနေတာ သိပ်သဘောမတွေ့ပါဘူး။ သူတို့ကြောင့် ကျွန်တော်တို့ ဂီတဈေးကွက် ပျက်နေတာလို့ မြင်ပါတယ်။ သူတို့က ဈေးကွက်ထဲမှာ ပွဲတွေကို ဆက်တိုက် လုပ်ကြတယ်၊ ဖန်းတီးပုံတွေကိုလည်း ဖြစ်သလိုအနေအထားနဲ့ လုပ်ပြီး မြတ်ပြီးရောသဘောမျိုးနဲ့ လုပ်လာကြတာတွေ့ရတယ်။ တကယ် ဖန်တီးမူကောင်းတဲ့သူတွေ နစ်နာတာတွေဖြစ်လာတယ်။ ပရိုဂျူဆာ တွေက ကိုယ့်ရဲ့ ပြည်တွင်းကထက် ပြည်ပက လူတွေကို နေရာပိုပေးတာတွေ့ရတယ်။ ကျွန်တော်တို့ဆီမှာ ကိုယ့်လူကို အရန်သဘောမျိူး ထားတာတွေရတော့ ဒါမျိုးကမဖြစ်သင့်ဘူးလို့မြင်ပါတယ်။ စီးပွားရေးဘက်က ကြည့်ရင် မှန်ပေမယ့် သူတို့လိုပဲ ကျွန်တော်တို့လည်း ဖန်တီးမူတွေရှိနေပါတယ်" ဟု ပြောသည်။
တေးစီးရီး နာမည်ကို " Into The Sky" အမည် နှင့် Bo Bo Music တေးထုတ်လုပ်ရေးမှ ယခုလ ၂၇ ရက်နေ့တွင် ထွက်ရှိမှာဖြစ်ပြီး၊ တေးသီချင်း (၈) ပုဒ်ပါဝင်ကြောင်းသိရသည်။
ကိုလင်း