ပြည်တွင်းတပ်ဆင်ထုတ်လုပ်ကားတွေသာ အရောင်းဖြစ်တော့မလား

မင်းသော်

 

ကားတင်သွင်းမှုကို ဒီဇင်ဘာ ၂၇ ရက်အထိ တိုးမြှင့်ပေးထားသော်လည်း ကားသစ်တင်သွင်းမှု မရှိသလောက် နည်းပါးနေပြီး ကားဈေးကွက် အရောင်းအဝယ်မှာလည်း သီတင်းတစ်ပတ်ကျော်လာသည်အထိ ပြန်လည်ကောင်းမွန် လာခြင်းမရှိဟု ကားဈေးကွက်အတွင်းက သိရှိရသည်။ “ကားဈေးကွက်က အောက်တိုဘာလမှာ တော်တော်လေးကောင်းလာတယ်။ နိုဝင်ဘာတစ်လလုံးလည်း ကားဈေးကွက်က ပုံမှန်ဖြစ်လာနေတယ်။ အခုဒီဇင်ဘာလမှာ ကားဈေးကွက်က ပြန်ပြီး ငြိမ်သက်သွားတယ်။ ကားလိုင်စင် ပြဿနာကလည်း တော်တော်လေး ဂယက်ရိုက်ပါတယ်။ ရန်ကုန်လိုင်စင်ကို ဘယ်လိုစနစ်၊ ဘယ်လိုသတ်မှတ်ချက်နဲ့ ချထားပေးမလဲ ဆိုတာကို စောင့်ကြည့်နေကြတဲ့အတွက် ကားဈေးကွက်က ငြိမ်သက်နေရတာ ဖြစ်တယ်”ဟု ကားဈေးကွက် အရောင်းအဝယ်ကျွမ်းကျင်သူ ကိုကျော်ဇေယျာ ဝင်းက ပြောသည်။

 

ယခုကာလတွင် စတိနံပါတ်တပ်ထားသည့် မော်တော်ကားအများစု အရောင်းအဝယ် လုံးဝနီးပါး ရပ်တန့်နေသည်ကို မြင်တွေ့ရသည်။ နံပါတ်ထွက်ပြီးသား အင်ဂျင်ပါဝါနိမ့် မော်တော်ကားများမှာမူ အရောင်းအဝယ် ခပ်ပါးပါးသာရှိနေပြီး ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သည့် မော်တော်ကားအများစု လူကြိုက်များ၊ စိတ်ဝင်တစား ဝယ်ယူလာကြသည်ကိုလည်း မြင်တွေ့ရသည်။ “ကားဈေးကွက်ကတက်မယ်၊ အဆင်ပြေမယ်ဆိုရင် အဖျက်က ရောက်လာတာပဲ။ အခုကြားနေရတဲ့ ရန်ကုန်လိုင်စင် သတ်မှတ်ချက်က မှတ်ချက် အမျိုးမျိုးကြားနေရတယ်။ ကြီးကြပ်ရေးကော်မတီကိုလည်း တင်ပြထားတယ်လို့ သိရတယ်။ ဘယ်လိုနှုန်းထားတွေနဲ့ ဆောင်ရွက်မလဲ ဆိုတာကိုလည်း အားလုံးက စိတ်ဝင်စားနေပါတယ်။ ကားတစ်စီးကို အလွယ်တကူနဲ့ ဝယ်ယူပိုင်ဆိုင်နိုင်အောင်၊ လူတန်းစားမရွေး မိမိတတ်နိုင်တဲ့ ငွေကြေးပမာဏလေးနဲ့ ရန်ကုန်သူ၊ ရန်ကုန်သားတွေ ရန်ကုန်လိုင်စင်၊ မြို့အသီးသီးက ဒေသခံတွေ ကိုယ့်နေရပ်လိုင်စင်နဲ့ စီးရမယ်ဆိုရင် အကောင်းဆုံးပဲ။ ရန်ကုန်လိုင်စင်ကတော့ မကြာမီမှာ ဘယ်လိုနှုန်းထားနဲ့ ချထားပေးမလဲဆိုတာ သိလာနိုင်ပါပြီ။ အားလုံးကလည်း စောင့်ကြည့်နေကြပါတယ်” ဟု ကားဝယ် ရောင်း ကိုမိုးမြင့်က ပြောသည်။

 

သို့သော် အများစုသော သာမန်လူတန်းစားများသည် ရန်ကုန် လိုင်စင်ထက် နယ်လိုင်စင်ကိုလည်း ဝယ်ယူလာကြကြောင်း၊ ဘယ်မောင်းကားများကို မကျွမ်းဝင်သေးသူ အများစုလည်းရှိရာ ဂျပန်တစ်ပတ်ရစ်ကား ဈေးကွက်မှာလည်း ပုံမှန်ထက်လျော့နည်း၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ “ကားသစ် စီးမလား၊ ကားဟောင်းရွေးမလားဆိုရင်တော့ တန်တဲ့ ကားကိုပဲ ဝယ်သူက ရွေးတာပါ။ ကားတွေဘယ်လောက်ပဲ တင်သွင်းထား တင်သွင်းထား ကိုယ့်တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေနဲ့လည်း သက်ဆိုင်ပါသေးတယ်။ ငွေကြေးတန်ဖိုးကျနေတဲ့အတွက် အများကြီးငွေသုံးလိုက်ရဖို့ကို ဘယ်သူဌေးမှလည်း မလိုအပ်ဘဲ အသုံးပြုမှာမဟုတ်ပါဘူး။ ကိုယ့်ငွေကြေးလေးနဲ့ သင့်တော်တဲ့ ကားလည်းဖြစ်ရမယ်၊ အကြမ်းလည်းခံပြီး မာလည်းမာရမယ်။ စစ်စစ်မှန်မှန်လည်း ဖြစ်ရမယ်ဆိုတာ အားလုံးသော ဝယ်လက်တွေရဲ့ ခံယူချက်ပါ။ ဝယ်သူတွေအတွက်ကတော့ အခုနောက်ပိုင်းမှာ တစ်ပတ်ရစ်ကားတွေထက် ဈေးအနည်းငယ်သာ ပိုပေးရတဲ့၊ အသစ်စက်စက် ပြည်တွင်းတပ်ဆင်ထုတ်လုပ်တဲ့ ကားတွေက ပိုပြီး မျက်စိကျစရာတော့ ဖြစ်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ပြည်တွင်းတပ်ဆင်ထုတ်လုပ်တဲ့ ကားတွေဟာ အရစ်ကျစနစ်နဲ့လည်း နှစ်နှစ်တန်သည် သုံးနှစ်တန်သည် ငါးနှစ်တန်သည် စသည်ဖြင့် အလီလီခွဲပြီး ပေးလို့ရတော့ အရစ်ကျစနစ်နဲ့ ဝယ်ဖို့ကို ပိုပြီးအားသန်လာကြတယ်။ ဒါပေမယ့် ဂျပန်ကားကိုပဲ ကြိုက်တယ်။ ညာမောင်းကိုပဲ ကြိုက်တယ်စတဲ့ ငွေသုံးမယ့်သူတွေလည်း အများကြီးရှိနေတော့ တစ်ပတ်ရစ် ကားဈေးကွက်ကတော့ ပျောက်ကွယ်သွားဖို့ မရှိနိုင်ဘူး” ဟု ကားဝယ်ရောင်း ကိုမိုးမြင့်က ပြောသည်။

 

မော်တော်ကားများတင်သွင်းရာတွင် ရန်ကုန်လိုင်စင်ရရှိရန် ခွင့်ပြုပေးခြင်းကို ရပ်ဆိုင်းထားသည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်ခြင်းကြောင့် စလစ်ဈေးမှာ ကျဆင်းသွားခြင်း မရှိဘဲ ငွေကျပ် ၁၃၈ သိန်းဝန်းကျင်ဖြင့် သက်တမ်း ၂၀ ယာဉ်အို ယာဉ်ဟောင်းစလစ်ဈေးနှုန်းမှာ ဈေးမာဆဲဖြစ်သည်။ ထို့ကြောင့် ယခုရပ်ပိုင်းတွင် ရန်ကုန်လိုင်စင်ရရှိနိုင်မည့် ပြည်တွင်းတပ်ဆင် ထုတ်လုပ်သည့် မော်တော်ကားပြပွဲများ၌ ဈေးနှုန်းများ အနည်းငယ် မြင့်တက်ရန် တာစူနေကြသည်ကိုလည်း မြင်တွေ့ရသည်။ “ဆူဇူကီးအပါအဝင် ပြည်တွင်းတပ်ဆင်ထုတ်လုပ်တဲ့ ကားအချို့ဟာ ဒီရက်ပိုင်းမှာ ဈေးနှုန်းမြင့်တင်သွားဖို့ ရှိတယ်လို့ သိထားပါတယ်။ ကျိန်းသေပေါက်ကို ရန်ကုန်လိုင်စင်လည်း ရလာမယ်။ ဈေးကလည်း သက်သာတယ်။ ကားသစ်လည်း ဖြစ်မယ်ဆိုတော့ လူစိတ်ဝင်စားတဲ့အတွက် နည်းနည်းပါးပါးတက်မယ်ဆိုလည်း ဝယ်လက်ကတော့ လျော့မသွားနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။ ဒီလိုမှမဟုတ်ရင် ရန်ကုန်လိုင်စင်နဲ့ စီးနင်းဖို့အတွက် အိမ်စီးကားစီးမယ့်သူတွေဟာ သိန်းဆယ်ဂဏန်းနဲ့ချီတဲ့ ပေးဆောင်မှုထက် ကိုယ့်ပြည်တွင်း တပ်ဆင်ထုတ်လုပ်တာကို ရွေးချယ်လာမယ်ဆိုတာ သေချာပါတယ်” ဟု ကိုကျော်ဇေယျာဝင်းကလည်း သုံးသပ်သည်။ ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေးအပြောင်းအလဲ အများကြီး မဖြစ်ခဲ့သော်လည်း စက်သုံးဆီဈေးနှုန်းများ သိသိသာသာ ကျဆင်းလာသည့်အတွက် ကားဝယ်ယူလိုသူများ ပိုမိုစိတ်ဝင်စားစေသည့် ကာလဖြစ်ခြင်းကြောင့် ကားဈေးကွက်အတွင်း အရောင်းအဝယ်သွက်လက်လာဖို့ မျှော်လင့်ကြသော်လည်း လက်ရှိတွင် ကားပွဲစားတန်းများထက် ကားအရောင်းစင်တာများတွင်သာ လူပိုစည်ကားလျက်ရှိကြောင်း သိရှိရသည်။

 

မြန်မာ့အလင်း