ဖေဖော်ဝါရီ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ကိုယ့်တိုင်းပြည်မို့ ကောင်းခြင်း လက္ခဏာများနှင့် ပြည့်စုံသည့် နိုင်ငံတော်ဟု အမွှမ်းတင် အပိုပြောလိုခြင်းမဟုတ်၊ အမှန်တကယ်ပင် နှလုံးစိတ်ဝမ်းချမ်းမြေ့ဖွယ်ကောင်းသည့် နိုင်ငံဖြစ်သည်ကို မိမိတို့နိုင်ငံသားများသာမက မြန်မာနိုင်ငံသို့ ရောက်ရှိဖူးသော အခြားနိုင်ငံသားများကလည်း အသိအမှတ်ပြုကြပါသည်။ နိုင်ငံတစ်ခု တည်းအတွင်း၌ပင် ရေမြေသဘာဝရာသီဥတုအမျိုးစုံ ဖြစ်တည်နေပြီး အရောင်အသွေးစုံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့် ယဉ်ကျေးမှုဓလေ့စရိုက်များ ရှိပါသည်။

 

 

မြန်မာလူမျိုးများအဖို့ မည်သည့်အရပ်ဒေသသို့ ရောက်နေသည်ဖြစ်စေ မြန်မာ့မြေနှင့် မြန်မာလူမျိုးတို့ကို မေ့ပျောက်ခြင်းမရှိချေ။ တိုင်းတစ်ပါးသားတို့အဖို့ မြန်မာ့မြေကိုရောက်သည်နှင့် မြန်မာ့ရေမြေသဘာဝနှင့် မြန်မာလူမျိုးများ၏ ဓလေ့စရိုက်များကို နှစ်သက်မြတ်နိုးလက်ခံကြသည်။ ဤသည်မှာ မြန်မာ့မြေနှင့် မြန်မာနိုင်ငံသားများ၏ အခြားနိုင်ငံ၊ အခြားလူမျိုးများနှင့်မတူသည့် ကောင်းခြင်း လက္ခဏာများဖြစ်သည်။ သို့ဆိုလျှင် မြန်မာ့မြေနှင့် မြန်မာတိုင်းရင်းသားလူမျိုးတို့၏ မြတ်နိုးဖွယ်ရာ အမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်အပ်သည်။ ဤသည်ပင် မြန်မာတို့၏ ပြည်ထောင်စုအမွေ၊ ပြည်ထောင်စုစိတ်ဓာတ် ဖြစ်သည်။

 

 

ထို့သို့ ကောင်းခြင်းနှင့်ပြည့်စုံသည်မှာ မြန်မာနိုင်ငံသည် အရောင် အသွေးစုံသော ပန်းပေါင်းစုံဥယျာဉ်ကြီးနှင့် အသွင်တူသည့် တစ်မူထူးကဲသော ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အဆိုပါပန်းပေါင်းစုံ ဥယျာဉ်ကြီးကို သာယာလှပအောင်၊ ဖွံ့ဖြိုးဝေစည်အောင် ဆက်လက်ကြိုးပမ်း အားထုတ်ကြရမည်ဖြစ်သည်။ ပန်းပေါင်းစုံဥယျာဉ်ကြီးကို ချိုးပဲ့ပျက်စီးအောင်၊ ညှိုးနွမ်းမှေးမှိန်အောင် မပြုလုပ်သင့်ချေ။ ထိုပန်းပေါင်းစုံဖူးပွင့်ဝေဆာနေသော ဥယျာဉ်နိုင်ငံကြီးကို လုယက်ယူငင်ခဲ့သော နယ်ချဲ့တို့က ဤနိုင်ငံ၊ ဤမြေကို မက်မောလှသဖြင့် ရယူလိုသောအကြောင်းများ၊ လက်မလွှတ်လိုသောအကြောင်းများနှင့် လက်လွှတ်ရမည့်အခါတွင်လည်း မစားရတော့မည့် အမဲကို သဲနှင့်ပက်သကဲ့သို့ ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ခဲ့သည့် သမိုင်းဖြစ်ရပ်များကိုလည်း မှတ်သားထားသင့်သည်။

 

 

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက် ပြည်ထောင်စုသားများက အပြင်းအထန်ကြိုးပမ်း အားထုတ်ခဲ့ကြပြီး လွတ်လပ်ရေးရရှိဖို့ လက်တစ်ကမ်းအလိုကာလတွင် မြန်မာနိုင်ငံကို အုပ်ချုပ်နေဆဲ နယ်ချဲ့အစိုးရက ပြည်ထောင်စုကြီးအား အပိုင်းပိုင်းဖဲ့ကာ လွတ်လပ်ရေးပေးရန် ကြံစည်အားထုတ်ခဲ့ကြသည်များကိုလည်း မမေ့သင့်ချေ။ အထူးသဖြင့် တောင်တန်းနှင့် ပြည်မ သွေးခွဲအုပ်ချုပ်ခဲ့ပြီးနောက် တောင်တန်းနှင့် ပြည်မကိုခွဲခြားကာ လွတ်လပ်ရေးပေးရန် အားထုတ်ခဲ့မှုများပင်ဖြစ်သည်။ ထင်သာမြင်သာရှိသော သမိုင်းမှတ်တမ်းတစ်ခုတွင် လွတ်လပ်ရေးအတွက် သန္ဓေတည်ရာဖြစ်သည့် တောင်တန်း-ပြည်မအတူလက်တွဲရေး ပင်လုံစာချုပ် မချုပ်ဆိုမီ တစ်နှစ်ခန့်အလိုကာလ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် မြန်မာပြည်ဘုရင်ခံ ဒေါ်မန်စမစ်က မြစ်ကြီးနားသို့သွားရောက်၍ ကချင်တိုင်းရင်းသားများအား သွေးခွဲစကား ပြောကြားခဲ့သည်။ မြန်မာနိုင်ငံထဲ မပါဝင်ဘဲ တသီးတခြားနေလိုက နေနိုင်ကြောင်း၊ ကချင်တိုင်းရင်းသားများ အဆင့်အတန်းမီအောင် နေနိုင်ရန်အတွက် မိမိက ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အခြားနယ်စပ်ဒေသနှင့် တောင်တန်းနေ တိုင်းရင်းသားများကိုလည်းအလားတူ သွေးခွဲမှုများ ရှိခဲ့သည်။ ထို့ကြောင့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား မျိုးချစ်ခေါင်းဆောင်တို့က တိုင်းရင်းသားများနှင့် ညီအစ်ကိုမောင်နှမများ ဖြစ်ကြောင်း၊ အတူလက်တွဲ၍ လွတ်လပ်ရေးရယူကာ သာတူညီမျှအတူတကွ နေထိုင်ကြမည်ဖြစ်ကြောင်း ကွင်းဆင်းစည်းရုံးပြီး တစ်နိုင်ငံလုံး လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့ကြရာ ယနေ့ထက်တိုင် ပန်းပေါင်းစုံဖူးပွင့်ဝေဆာနေသော ပြည်ထောင်စုကြီးအဖြစ် မြင်တွေ့နေရခြင်းဖြစ်သည်။

 

 

သို့ဖြစ်ရာ ပန်းပေါင်းစုံဖူးပွင့်ဝေဆာနေသော ပြည်ထောင်စုကြီးကို ပျက်စီးအောင် ကြိုးပမ်းအားထုတ်ခဲ့သော နယ်ချဲ့ပရိယာယ်နှင့် သွေးခွဲမှုများကို နောင်မျိုးဆက်များအနေဖြင့် မမေ့သင့်ကြချေ။ နယ်ချဲ့၏ဆိုးမွေများ ယနေ့ထက်တိုင် ကျန်ရှိနေသေးသည်ကို သိရှိထားရမည်ဖြစ်သည်။ တိုင်းရင်းသားညီအစ်ကို မောင်နှမများအချင်းချင်း ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး လက်တွဲနေထိုင်ကြမှသာ အေးချမ်းသာယာဝပြောသော ပြည်ထောင်စုကြီး ထာဝရအဓွန့်ရှည် တည်တံ့ခိုင်မြဲနေမည်ကို သတိမူရမည်ဖြစ်ပါသည်။

 

 ကြေးမုံ