လွိုင်ကော်    ၁၂  ဇွန်    

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ပန်ပက်ကျေးရွာသည် ကယန်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ ပြသနိုင်သည့် အထင်ကရ နေရာ တစ်ခုအဖြစ်သည့်အတွက်  ရိုးရာယဉ်ကျေးမှုအား ထိန်းသိမ်းမြှင့်တင်ရန်နှင့် ခရီးသွားဗဟိုဌာနအဖြစ် ဖော်ဆောင်နိုင်ရန် Community Centre ဆောက်လုပ် လှူဒါန်းမည့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ညနေ ၃ နာရီက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာသည် ကယားပြည်နယ်၏ အထင်ကရနေရာဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒေသခံ တိုင်းရင်းသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီး၊ ဌာနဆိုင်ရာများ၊ လွွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံများ၊ လုပ်ငန်းများ စနစ်တကျ ပေါင်းစပ်ပြီး စီမံဆောင်ရွက်ပေးစေလိုကြောင်း၊ ကယန်းတိုင်းရင်းသားများ၏ စာပေနှင့် ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက ကော်မတီစနစ်တကျဖွဲ့စည်းပြီး ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားသည့် မြေနေရာနှင့် ပတ်သက်ပြီး မြေရာဇဝင်အား ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ဆောက် လုပ်မည့် အစီအမံများအား ရှင်းလင်းပြောကြားကာ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရီရယ်(ဒီးမော့ဆို)