ပန်းတောင်း နိုဝင်ဘာ ၈
ပဲခူးတိုင်းတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်ရှိ ကျေးရွာလေးရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၄၀၀၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်းကောင်း၊ ကျေးရွာနှစ်ရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း ၆၀၀ဖြင့် မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ပန်းတောင်းမြို့နယ်အတွင်းရှိ ဒန့်ဒလွန်၊ ကန့်ကူ၊ တောမ(အောက်)၊ ပုတီးတော၊ ကျေးရွာလေးရွာ၌ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၄၀၀၊ သက်ဆိုင်ရာကျေးရွာနေ ပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက နည်းပညာများပံ့ပိုးကာ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပန်းတောင်းမြို့နယ်မှ ဒေါင်းမြတ်နား၊ ဘင်္ဂ၊ ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူများကို လုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ငွေကျပ်သိန်း ၆၀၀ မတည်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဖော်ဆောင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)နှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါကျေးရွာ ခြောက်ရွာအနက်မှ ကျေးရွာလေးရွာရှိ ပြည်သူများကို စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပြီး ကျန်ရှိသည့်ကျေးရွာ နှစ်ရွာမှ ပြည်သူများကိုလည်း စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်မေသူစိုးက ပြောပြ၍ သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)


