ပန်းတောင်း ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လေပြင်းဘေးအန္တရာယ် ကျရောက်ပျက်စီးနိုင်သော တလုပ္ပင်ကျေးရွာအုပ်စုမှ အိမ် အလုံး ၃၀၀ အတွက် အမိုးအကာများ အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပန်းတောင်းမြို့နယ် တလုပ္ပင်ကျေးရွာအုပ်စု၊ တုံကင်းကျေးရွာအုပ်စုနှင့် ထောက်ကြန့်ကုန်းကျေးရွာအုပ်စုတို့မှ အမိုးအကာများ အားဖြည့်ပြင်ဆင်ရန် လိုအပ်သော အိမ်ခြေ ၅၀၀ ကို အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ထရံ၊ ဝါးလုံးနှင့် သွပ်နန်းကြိုးများအတွက် တစ်အိမ်ထောင်လျှင် ကျပ် ၄၃၀၀၀ နှုန်း ထောက်ပံ့ပေးအပ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့မှစတင်၍ ၎င်းနေအိမ်များအား ပန်းတောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျေးရွာရှိ စေတနာ့ဝန်ထမ်း လူငယ်များက လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေး လုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသည့် အိမ်များ ဖြစ်စေရေးအတွက် ပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင် သော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
လပြည့်လင်း(ပြန်/ဆက်)