မယ်စဲ့ ၂၃ ဖေဖော်ဝါရီ
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာများ သန့်ရှင်း သာယာလှပရေးအတွက် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ပန်တိန်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မယ်စဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က ကျေးလက်နေပြည်သူများ လူနေမှုဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အမှိုက်များကို ခွဲခြား၍ စနစ်တကျ စွန့်ပစ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိခိုက်စေမှု အလားအလာများကို လျော့ချနိုင်စေရန်၊ ကျေးရွာပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင်လာခြင်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အကျိုးပြုစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအခြေပြု စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မယ်စဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ ကျေးရွာပရဟိတ အဖွဲ့လူငယ်များပူးပေါင်း၍ နိုင်ငံတကာ ဆက်သွယ်ရေးလမ်းမကြီး လမ်းဘေးဝဲ/ယာ တစ်လျှောက်ရှိ အမှိုက်များကို ကောက်ယူရှင်းလင်းပြီး ထွက်ရှိလာသည့် အမှိုက်များကို မော်တော်ယာဉ်ဖြင့် သယ်ယူ၍ ကျေးရွာရှိအမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားသည့်နေရာသို့ စနစ်တကျ သွားရောက် စွန့်ပစ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


