ပန်းတနော် ၁၄ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပန်းတနော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော (ကလေးစာပေပွဲတော်) စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီက မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပန်းတနော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်က ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြသည့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ အသင်းအဖွဲ့များ၊ အလှူရှင်များအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး (၂၆) မြို့နယ် ကလေးစာပေပွဲတော် ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလှမျိုးအောင်က ကလေးများ စာအုပ်စာပေတွင်မွေ့လျော်လာစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်ပြီး ဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တိုင်းပြည်ကို ဦးဆောင်ဦးရွက်နိုင်သူများ ဖြစ်လာစေရန်နှင့် ကလေးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန် ကလေးစာပေပွဲတော် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အ-ထ-က (၁) ကျောင်းသား၊ ကျောင်းသူများက ကလေးစာပေပွဲတော်ပိတ်ပွဲ အထိမ်းအမှတ် အကအလှများဖြင့် ဧည့်ခံဖျော်ဖြေပြီး ပန်းတနော်မြို့နယ် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက ကလေးစာပေပွဲတော်ရှိ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသည့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများအား ချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ ကလေးစာပေပွဲတော်တွင် ပါဝင်လှူဒါန်းသော အလှူရှင်များအား ပေးအပ်လှူဒါန်းမှုအတွက် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


