ပန်းတနော်  ဇူလိုင်   ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့၌ ကိုဗစ်-၁၉အရေးပေါ် တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေး ကော်မတီက ကိုဗစ်- ၁၉ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကို ယမန်နေ့ညနေ ၃ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က ပန်းတနော်မြို့ပေါ်၌ ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူများမှာ ၁၁ ဦး အထိရှိလာပြီးဖြစ်ကြောင်း၊ ပိုးတွေ့သူများအား ထားရှိရန် Quarantine Center အတွက် မြို့နယ် အားကစားခန်းမတွင် ကုတင် ၃၂ လုံး၊ အိမ်သာ ၂ လုံးတွဲ ၂ ခု ဆောင်ရွက်ထားကြောင်း၊ ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ပြည်သူများလှူဒါန်းငွေ စုစုပေါင်း ၆၆ သိန်း ၅ ထောင် လက်ခံရရှိထားကြောင်း၊ လက်ရှိတွင် စေတနာဝန်ထမ်း ၉၇ ဦးနှင့်ဖွဲ့စည်းထားကြောင်း လိုအပ်ပါက ကိုဗစ်-၁၉ စစ်ဆေးရန်ဂိတ်များထားရှိရမှာဖြစ်ကြောင်း၊ မြို့အဝင်ဂိတ်တွင် ကိုဗစ်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပိုးတွေ့လူနာများနှင့်ထိစပ်ခဲ့သည့်သူများ၏ စာရင်းများအား ရယူထားရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များက ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှထုတ်ပြန်ထားသည့်ညွှန်ကြားအားပြည်သူများသို့ နေ့စဉ်အသိပေးကြေညာဆောင်ရွက်သွားမည့် အခြေအနေများအား ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။

မြို့နယ်(ပြန်/ ဆက်)