ပန်းတနော်၊ ၁၅ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် နိုင်ငံတစ်ဝှမ်း ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးကဆောင်ရွက်သော အထူးမှုခင်းကိစ္စနှင့်စပ်လျဉ်း၍ မိတ်ဆက်တင်ပြခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ် ဦးမျိုးညွှန့်က အဖွင့်အမှာစကား ပြောကြားရာတွင် မှုခင်းများတွင် အငြင်းပွားမှုများကို မျှတစွာ ဖြေရှင်းရန်၊ မှုခင်းများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးစီရင်နိုင်ရန်၊ အမှုလက်ကျန်များနှင့် ကြန့်ကြာနေသည့်မှုခင်းများ လျော့ချရန်၊ တရားရုံးများအပေါ်ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို မြှင့်တင်ရန် စသည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ပန်းတနော်မြို့နယ်တရားသူကြီး ဦးအောင်သူဟိန်းမှ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသည်။ ထို့နောက် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်သော ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ချိုထက်က တက်ရောက်လာကြသည့် တာဝန်ရှိသူများ မေးမြန်းသည့် မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့ပြီး ပန်းတနော်မြို့နယ် တရားရုံးအနေဖြင့် မှုခင်းစီမံခန့်ခွဲမှုအား ဇူလိုင် ၁ ရက်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)


