ပန်းတနော်၊  ၁၅  ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် နိုင်ငံတစ်ဝန်း ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးက ဆောင်ရွက်သော အထူးမှုခင်းကိစ္စနှင့်စပ်လျဉ်း၍ မိတ်ဆက်တင်ပြခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ် ဦးမျိုးညွန့်က အဖွင့်အမှာစကား ပြောကြားရာတွင် မှုခင်းများတွင် အငြင်းပွားမှုများကို မျှတစွာဖြေရှင်းရန်၊ မှုခင်းများကို အချိန်နှင့် တစ်ပြေးညီ စစ်ဆေးစီရင်နိုင်ရန်၊ အမှုလက်ကျန်များနှင့် ကြန့်ကြာနေသည့်မှုခင်းများ လျှော့ချရန်၊ တရားရုံးများအပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကိုမြှင့်တင်ရန် စသည့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ပန်းတနော်မြို့နယ်တရားသူကြီး ဦးအောင်သူဟိန်းက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသည်။

 

ထို့နောက်  ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်သော ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ချိုထက်က တက်ရောက်လာကြသည့် တာဝန်ရှိသူများ မေးမြန်းသည့် မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့ပြီး ပန်းတနော်မြို့နယ်တရားရုံးအနေဖြင့် မှုခင်းစီမံခန့်ခွဲမှုအား ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်ဦးမျိုးညွှန့်၊ တိုင်းဒေသကြီးတရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်ချိုထက်၊ မအူပင်ခရိုင်တရားသူကြီး၊ ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်တရားသူကြီးနှင့် တွဲဖက်မြို့နယ်တရားသူကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် သက်ဆိုင်ရာစခန်းမှ စခန်းမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ ဆက်)

 

mdn