ပန်းတနော် သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရွှေကျောင်းမြောက်ကျေးရွာအုပ်စု၊ ဘုရားပျို ကျေးရွာ နှင့် ကတောက်ဆပ်ကျေးရွာအုပ်စု၊ ကတောက်ဆပ်အရှေ့ကျေးရွာနှစ်ရွာ၌ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်ရည်ရွယ်၍ ကျေးရွာမတည် ရန်ပုံငွေကျပ် သိန်း ၄၈၀ အား ဒုတိယအကြိမ်ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကို ဩဂုတ် ၂၄ နံနက်ပိုင်းက အဆိုပါကျေးရွာနှစ်ရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် ပန်းတနော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လင်းလက်သိန်းက ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ် နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် နိုင်ငံတော်မှကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင် ပြဌာန်းထားသော ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကျေးရွာနေပြည်သူများ လိုက်နာဆောင်ရွက်ရမည့် ကျေးရွာစိတ်ဓာတ်ဆောင်ပုဒ်အကြောင်းတို့အား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာမတည်ရန်ပုံငွေ ကျပ်သိန်း (၄၈၀) ကို ကျေးရွာကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဘုရားပျိုကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေများကို ဒုတိယအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၈ ဦးအတွက် ငွေကျပ် ၂၈၄ သိန်း အားလည်းကောင်း၊ ကတောက်ဆပ်အရှေ့ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၂၂ဦးအတွက်ငွေကျပ် သိန်း ၇၀၊ အရောင်းအဝယ်လုပ်ကိုင်သူ ၁၈ဦးအတွက် ငွေကျပ် ၄၂သိန်း၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ ၄၁ဦးအတွက် ငွေကျပ် ၈၄ သိန်း၊ စုစုပေါင်းကျေးရွာ နှစ်ရွာမှ လူဦးရေ ၁၈၉ ဦးထံသို့ ရန်ပုံငွေ ကျပ်သိန်း(၄၈၀) အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးအပ် ခဲ့ကြောင်း ပန်းတနော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လင်းလက်သိန်းထံမှ သိရသည်။
ငြိမ်းသူ


