ပန်းတနော်  ၂၁  မေ 

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အတွင်းရှိကျေးရွာ ၂၆ ရွာတွင်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၂၆၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲနည်း သင်တန်းအား ယနေ့နံနက် ၉နာရီခွဲခန့်က ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပန်းတနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးဇော်မျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇေယျာနိုင်က ပန်းတနော်မြို့နယ်အတွင်း ယခုဘဏ္ဍာနှစ်တွင် ကျေးရွာတစ်ရွာလျင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ထောက်ပံ့ ရန်ပုံငွေကျပ်သိန်း ၁၀၀ စီဖြင့် လိမ်ကုန်း၊ ဓနော်၊ နတ်ချောင်း၊ အင်းတကော၊ သရက်နှစ်ပင်၊ လှေဆွဲ၊ မရမ်း၊ ရေပေါ်ကုန်းတန်း၊ ဂျို့ကုန်းစု၊ ဆင်ဂေါင်း၊ ပျဉ်းမချောင်း၊ ကတောက်ဆပ် (အနောက်)၊ တော်ကွဲကြီး၊ ရွာသစ်ကုန်း (အရှေ့)၊ ကျုံတိုင်းကြီး၊ ဂျိုးအိုင်၊ ကုန်းတန်းကြီး၊ ရေကျော်၊ မဿမံ၊ ကြံတောစု၊ ရေပေါ်ရေလဲ၊ ကုလားမချောင်၊ ရုံးတောအနောက်စု၊ ပေပင်ဆယ့်နှစ်ရွာ၊ ခတ္တိယ၊ ကညင်ကူ ကျေးရွာ ၂၆ရွာတွင် ရန်ပုံငွေကျပ်သိန်း ၂၆၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ကြောင်းနှင့်  သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၅၂ ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲနည်း၊ ရာသီခွင်ပြ ပြက္ခဒိန်ရေးဆွဲနည်း အစရှိသည်များအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှတာဝန်ရှိသူများက ၄ ရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ငြိမ်းသူ