ပန်းတနော် ၁၁ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်နေသူများ ကွမ်းစျေးမကောင်းသဖြင့် စီးပွားရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း ထိန်းကုန်းကျေးရွာရှိ ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်သူ ဦးတင်ကြိုင်ထံမှ သိရသည်။
“ပန်းတနော်မြို့နယ်မှာ ကွမ်းခြံလုပ်ငန်းကို စီးပွားဖြစ် အများဆုံး စိုက်ပျိုးလုပ်ကိုင်နေသူများပြီး လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ ကွမ်းစျေးမကောင်း၍ လူမှုစီးပွားရေး အခက်အခဲများတော့ ရှိပါတယ်။ မနှစ်က ဒီလိုအချိန်ဆိုရင် ကွမ်းစျေးက အထိုက်အသင့်လောက် စျေးကောင်းရတော့ ကွမ်းစိုက်တောင်သူများ လူမှုစီးပွားရေး အဆင်ပြေပါတယ်။ အခုကလဲ ကိုယ်တစ်ဦးထဲမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံတွေနဲ့ချီပြီး ဒီရောဂါကပ်ကြီးက ဖြစ်နေတာဆိုတော့ မတတ်နိုင်ဘူးလေ၊ မိုးပြိုတော့လဲ အများပေါ့”ဟု ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်သူ ဦးတင်ကြိုင်က ပြောသည်။
ကွမ်းခြံစိုက်ပျိုးရာတွင် ကွမ်းညွှန့်များကို ပုသိမ်၊ မြောင်းမြ စသည့်မြို့နယ်များတွင် သွားရောက်ဖြတ်ယူ စိုက်ပျိုးရပြီး ကွမ်းခြံစိုက်ပျိုးရာတွင် ဝါး၊ အမိုးအကာအဖြစ် ကိုင်းရွက် စသည်တို့ကို ဝယ်ယူရကာ ကွမ်းခြံတစ်ထောင်လျှင် ၂ သိန်းကျော်ခန့် ကုန်ကျကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)


