ပန်းတနော် ၇ သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ရေပေါ်ကြီးကျေးရွာအုပ်စု အထက် ကဇင်းတော ကျေးရွာနှင့် အောက်ဒေါင့်ကြီးကျေးရွာ၊ ကဿဝင်ကျေးရွာအုပ်စု မြစိမ်းကျွန်း ကျေးရွာနှင့် ကဿဝင် ရွာမကျေးရွာတို့တွင် သြဂုတ် ၇ ရက် နံနက် ၁၀ နာရီက မြစ်ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ် (၁၉) လုံးအား အန္တရာယ်လွတ်ကင်းမည့် နေရာများသို့ ယာယီပြောင်းရွှေ့ ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါမြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု (၁၉) စုအတွင်းရှိ အမျိုးသား (၄၉) ဦး၊ အမျိုးသမီး (၄၄) ဦးအား နီးစပ်သည့် ဆွေမျိုးများ၏ နေအိမ်များတွင်လည်ကောင်း၊ ကမ်းလွတ်သည့် မြေကွက်များပေါ်သို့ လည်းကောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက  ယာယီပြောင်းရွှေ့ထားရှိခဲ့ကြောင်း သိရသည်။

 

မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုများအား ယာယီနေထိုင်နိုင်ရေး၊ လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကမ်းပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန် တစ်စုံတစ်ရာထိခိုက်မှု မရှိကြောင်း သိရသည်။

အေးချမ်းအောင်(ပန်းတနော်)