ပန်းတနော် ၁၀ ဇွန်
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း အသစ်ပြန်လည် ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပန်းတနော်မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးစစ်ယုန်က မြို့နယ်စာရေးဆရာအသင်း အသစ်ပြန်လည် ဖွဲ့စည်းနိုင်ရေး ရှင်းလင်းပြောကြားခြင်း၊ တတိယအကြိမ် စာပေညီလာခံ တက်ရောက်ရန် ကိုယ်စားလှယ်ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသည့် စာရေးဆရာ အသင်းအဖွဲ့ဝင်များက မိမိတို့စာရေးဆရာအသင်းအနေဖြင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ ပြည်သူများအသိပညာ ဗဟုသုတများရရှိစေရန် နယ်လှည့်ကွင်းဆင်း၍ စာပေဟောပြောပွဲများ ကျင်းပနိုင်ရေး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ မြို့နယ်စာရေးဆရာအသင်းအသစ်ပြန်လည်ဖွဲ့စည်းရန် လျာထားရာတွင် မြို့နယ်စာရေးဆရာ အသင်း ဥက္ကဋ္ဌ အဖြစ် ဦးစစ်ယုန်၊ နာယက ဦးစစ်အေး၊ အတွင်းရေးမှူး ဦးညွန့်ရွှေနှင့် မြို့နယ်စာရေးဆရာ အသင်းဝင် စုစုပေါင်း(၂၀) ကို ဖွဲ့စည်းရန် လျာထားကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)


