ပန်းတနော်  ၁၉  နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့တွင် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်က ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ ပူးပေါင်းကာ ဝိုင်းဝန်းကူညီ ဆောင် ရွက်ပေးကြရန် ပြောကြားသည်။

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးက ပြိုင်ပွဲ ကျင်းပမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးစဝင်း‌ရွှေမောင်၊ အထက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ငွေဌေးနှင့် အလှူရှင်များက ကလေးစာပေ ပွဲတော်နှင့် ပတ်သက်သည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။

 

ကလေးစာပေပွဲတော်ကို အထက(၁)ကျောင်း၌ ဒီဇင်ဘာ ၁၃ ရက်မှ ၁၄ ရက်နေ့အထိ  ပုံပြော၊ ကဗျာရွတ်၊ စာပေဟောပြောပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီ တိုင်းသားများပြခန်းနှင့် အသိပညာပေးပြခန်းများ၊ ကလေးစာဖတ်ခန်း၊ စာအုပ် အရောင်းဆိုင်များ စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည့်ဖြိုးကျော်(ပန်းတနော်)