ပန်းတနော် ၆ သြဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ အရှေ့ပိုင်းရပ်ကွက် နတ်စင်လမ်းနှင့် ဦးအောင်ဇေယျလမ်းကြားရှိ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ ကြို့ပင် သစ်ပင်ကြီး အပင်အရင်း၌ ဆွေးမြေ့ပြီး သြဂုတ် ၆ ရက် နံနက်ပိုင်းက လဲကျခဲ့ကြောင်း သိရသည်။

 

“ဒီနေ့ မနက်ပိုင်းက မိုးမရွာ လေမတိုက်ဘဲနဲ့ မြေလွတ်ပေါ်မှာ ပေါက်နေတဲ့ နှစ်ပေါင်းတစ်ရာ​​ကျော်ခန့် သက်တမ်းရှိ အရှည် (၆၀)ပေခန့်၊ လုံးပတ် (၆)ပေခန့်ရှိ ကြို့ပင်ကြီး အပင်ရင်းဆွေးမြေ့ပြီး လဲကျခဲ့တာပါ” ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးက ပြောသည်။

 

အဆိုပါ အပင်ကြီးကို လူသွားလူလာလမ်းများ လွတ်ကင်းအောင် ရှင်းလင်းရန်အတွက် ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှင်းလင်းခဲ့ပြီး လူနှင့် တိရစ္ဆာန် သေဆုံးထိခိုက်ဒဏ်ရာ မရှိခဲ့ကြောင်း သိရသည်။

 

ပြည့်ဖြိုးကျော်(ပန်းတနော်)