ပန်းတနော် ၁၄ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှထောက်ပံ့ကူညီပေးသည့် အခြေခံစားသောက်ကုန် ပစ္စည်း(၅) မျိုးကို ယမန်နေ့ နံနက် ၉ နာရီက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၌ ထောက်ပံ့ပေးခဲ့သည်။
ထိုသို့ထောက်ပံ့ပေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းညွန့်သိန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးစန်းမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးကျော်ဇံနှင့် ဌာနဆိုင်ရာအကြီးအကဲများက မြို့နယ်အတွင်းရှိ ရပ်ကွက် (၄) ခု၊ကျေးရွာအုပ်စု(၃၄)အုပ်စုတို့မှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၆၄၈၆) စုတို့အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ကြက်သွန် (၁) ပိဿာ၊ ပဲ (၁) ပိဿာတို့အား ထောက်ပံ့ပေးခဲ့သည်။
ပန်းတနော်မြို့နယ်တွင် ရပ်ကွက် (၄) ခုနှင့် ကျေးရွာအုပ်စု (၅၂) အုပ်စုရှိပြီး ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကောက်ယူထားသည့် စာရင်းအလိုက် စားသောက်ကုန်များကို ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)


