ခရမ်းစိုးမြင့်

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဘုရားချောင်းကျေးရွာအနီး ရေနက်ကွင်းဧက ၃၆ဝဝ တွင် နိုင်ငံတော်ကခွင့်ပြု၍ ငါးမွေးမြူခြင်းနှင့် စပါးစိုက်ပျိုးခြင်းများကို ၁၉၉၈ ခုနှစ်မှစတင် ဆောင်ရွက်နေသည့် ဦးဌေးမြင့်၏ ယုဇနကုမ္ပဏီက Global Earth Agro and Aqua Industry Public Co.,Ltd. (GEAAI) ဟု အမည်ပြောင်းလိုက်သည်။ ထို့နောက် သမားရိုးကျငါးမွေးမြူခြင်းမှ ခေတ်မီနည်းစနစ်ဖြင့် ငါးမွေးမြူခြင်းနှင့် စက်ရုံတည်ဆောက်၍ ငါးအသားလွှာများ အေးခဲအောင်ပြုလုပ်ပြီး ပြည်ပပို့ကုန်များ ဆောင်ရွက်နေကြောင်း ကြားသိရသည်။ ကျွန်တော်သည် သတင်းဆောင်းပါး ရေးသားဖော်ပြနိုင်ရန် စီမံကိန်းလုပ်ငန်းတည်ရှိရာ ပန်းတနော်ရေနက်ကွင်းကို သွားရောက်ခဲ့သည်။ 

ပန်းတနော်ရေနက်ကွင်းစီမံကိန်းတွင် ဥက္ကဋ္ဌ ဦးဌေးမြင့်ကို တွေ့ရပြီး ထိုစီမံကိန်းမှ ဒေါ်နီနီမိုး ဆိုသည့် အမျိုးသမီးကိုခေါ်၍ ‘‘သူက ကျွန်တော့် ကုမ္ပဏီကအရာရှိပဲ။ ဒီစီမံကိန်းတစ်ခုလုံးကို သူလိုက်ပြပါလိမ့်မယ်’’ ဟု ဆိုကာ အပ်လိုက်သည်။ ထို့နောက် ကျွန်တော်နှင့် ဓာတ်ပုံသတင်းထောက် မလဲ့လဲ့မောင်တို့သည် ဒေါ်နီနီမိုး၏ ကားဖြင့်  စီမံကိန်းမှ ငါးလေးပြုစုကန်ကို လည်းကောင်း၊ ငါးမွေးကန်များတွင် အသုံးပြုရန်ရေကို ရေထိန်း တံခါးဖြင့်ယူသည့် ရွှေလောင်ချောင်းရေတံခါးကို လည်းကောင်း၊ ခေတ်မီငါးမွေးစတီးကန်နှင့် မြေသားကန်များ၌ မွေးမြူထားသည့်ငါးများ အစာကျွေးနေသည်ကိုလည်းကောင်း လိုက်လံကြည့်ရှု လေ့လာခဲ့ပါသည်။ 

ထို့ပြင် ငါးအေးခဲစက်ရုံ၊ စပါးခွံလျှပ်စစ် ဓာတ်အားထုတ်စက်ရုံ၊ ငါးအစာတောင့်စက်ရုံ၊ ဟိုတယ်များတည်ဆောက်နေပုံကိုလည်း လိုက်လံပြသသည်။ GEAAI က ဘုရားချောင်းကျေးရွာအနီး ရေနက်ကွင်းဧက ၃၆၀၀ အနက်မှ ၉၀၀ ကို ရေမဝပ်ရအောင် တမံတုတ် ရေကာတာ ကာရံသည်။ ကုန်းမြေများဖြစ်အောင် ဆောင်ရွက်ပြီး စီမံကိန်းလုပ်ဆောင် နေခြင်းဖြစ်သည်။ 

ခေတ်မီငါးမွေးမြူရေးလုပ်ငန်း

၁၉၉၈ ခုနှစ်မှစ၍ ယုဇနကုမ္ပဏီသည် ပန်းတနော်မြို့နယ် ရေနက်ကွင်း၌ လုပ်ပိုင်ခွင့်ရ သည့် ဧက ၃၆ဝဝ အနက် ဧက ၉ဝဝ ပေါ်တွင် ၂၀၂၀ ပြည့်နှစ်မှစ၍ ဒုတိယအကြိမ် ခေတ်မီငါးမွေးမြူရေး လုပ်ငန်းကို တစ်ဟက်တာလျှင် ငါးပိဿာချိန် ၁၅ဝဝဝဝ အထိ ထုတ်လုပ်သွားရန် စီစဉ်လျက်ရှိကြောင်း၊ ပြည်တွင်းစားသုံးရန် ဖြန့်ဖြူးသည့်အပြင် ပြည်ပပို့ဆောင်ရေးအတွက် ငါးအသားအေးခဲသည့် စက်ရုံ၊ စပါးခွံသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အပါအဝင် အထွေထွေလုပ်ငန်းများကို ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

ယခုအခါ အခြားစက်ရုံများမပြီးမီ ငါးမွေးမြူရေးတွင် ခေတ်မီစနစ်ဖြင့် စတီးကန်များပြုလုပ်ကာ မွေးမြူနေသည်။ ငါးမွေးစတီးကန် ၉ဝ ရှိသည့်အနက် ၂၆ ကန်တွင် တစ်ကန်လျှင် ငါးတန်ကောင်ရေ ၈၀၀၀၀ မွေးမြူထားရာ ၂၆ ကန်တွင် ငါးကောင်ရေသိန်း ၂၀ ကျော်ရှိသည်ဟု သိရသည်။ တစ်ကန်လျှင် ကောင်ရေ ၈၀၀၀၀ အစား ၁၃၀၀၀၀ အထိ မွေးမြူသွားမည်ဟု ဆိုသည်။

အများပိုင်ကုမ္ပဏီတစ်ခုဖြစ်အောင် ရည်မှန်းထား

ငါးတန်သည် အလယ်ရိုးတစ်ချောင်းသာပါရှိပြီး အသားပေါများသည့် ငါးမျိုးဖြစ်သည်။ ကမ္ဘာ့အဖြူရောင် ငါးများတွင် ပါဝင်ပြီး အနံ့မရှိအောင် မွေးမြူနိုင်ပါက လူအများစားသုံးရန် သင့်တော်သည့် ငါးမျိုးဖြစ်သည်။ ငါးမွေးမြူရေး အောင်မြင်အောင် စားသုံး ရန်အသင့်ဖြစ်သည့် Value Added လုပ်ဆောင်ရန် Processing and Cold Storage Industry များ လိုအပ်သည်ဟု သိရသည်။ GEAAI က အများပိုင် ကုမ္ပဏီတစ်ခုဖြစ်အောင် ရည်မှန်းထားသည်ဟု ဆိုသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များကို ခေတ်မီနည်းပညာများပေါင်းစပ်ပြီး အရည်အသွေး ကောင်းအောင် ထုတ်လုပ်ရန်လိုအပ်ပါသည်။ ဒေသတွင်းထွက်ရှိသည့် ဘေးထွက်ပစ္စည်းများ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ငါးအစာများ ထုတ်လုပ်ခြင်း၊ စက်ရုံကုန်ကြမ်း လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းတို့ဖြင့် ဒေသခံပြည်သူများနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ အဘက်ဘက်မှ တိုးတက်လာစေရန် ရည်ရွယ်၍ လုပ်ဆောင်နေကြောင်း၊ စီမံကိန်းတစ်ခုလုံး ပြီးစီး လည်ပတ်ပါက လူဦးရေ ၆၀၀၀ ကျော်နှင့် ဆက်စပ် လူဦးရေ ၅၀၀၀၀ ကျော်ထိ အလုပ်အကိုင်များ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 GEAAI သည် ပြည်တွင်းလိုအပ်ချက် အစား အသောက်များ ဖြည့်ဆည်းပေးရန်၊ ပြည်ပမှ တင်သွင်းလာသည့် အစားအသောက်များ လျှော့ချနိုင်ရန်နှင့် ပြည်ပသို့ စားသောက်ကုန်အမြောက် အမြားတင်ပို့ပြီး နိုင်ငံဝင်ငွေတိုးတက်အောင် ရှာဖွေ ရန်တို့ကို လုပ်ဆောင်မည့် Public Company မှ Listed Company စာရင်းဝင်ကုမ္ပဏီဖြစ်ပြီး အများ ပြည်သူပါဝင်ခွင့်ရအောင် ပန်းတိုင်ထားရှိ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့အပြင် GEAAI ကုမ္ပဏီက ငါးအမျိုးများ ထိန်းသိမ်းခြင်း၊ စနစ်တကျ ငါးသားဖောက်နည်းနှင့် ငါးသားပေါက်ပြုစုသည့်စနစ်ကို စနစ်တကျ ငါး မွေးမြူရေးစနစ်၊ အစာတောင့်ထုတ်လုပ်ခြင်းနှင့် ငါးအစာကျွေးမွေးခြင်း စီမံဆောင်ရွက်သည့်စနစ်၊ ငါးပြုပြင်ထုတ်လုပ်ခြင်း၊ ငါးအသားအလျင်အမြန် အေးခဲခြင်း၊ ငါးအခြေခံဘေးထွက်ပစ္စည်းများမှ တန်ဖိုးမြှင့်အစားအစာအဖြစ် ထုတ်လုပ်သည့် စနစ် အပြင် စပါးခွံအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ် မှုစနစ်တည်ဆောက်ခြင်း၊ ဝန်ထမ်းအိမ်ရာနှင့် ရုံးခန်းများ တည်ဆောက်ခြင်း၊ မြေဖို့လုပ်ငန်းနှင့် ‌ရေနုတ်မြောင်း၊ ရေလှောင်ကန်များ တည်ဆောက်ခြင်း၊ စိမ်းလန်းစိုပြည်လှပရေးအတွက် အရိပ်ရနှင့် စားသုံး သီးနှံပင်များ စိုက်ပျိုးခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ။