ပဉ္စလက်ဆန်သော အလှည့်အပြောင်း အာဏာရှင်အပေါင်းကို စိန်ခေါ်

mdn

ကိုရင်သြ - ရေးသားသည်

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား စွဲချက်တင် အပြစ်တင်နိုင်ရေး၊ တရားစီရင် စစ်ဆေးနိုင်ရေးအတွက် အထက်လွှတ်တော်(ဝါ)ဆီးနိတ်ရှိ ဥပဒေပြုအမတ် ၁၀ဝ က ဂျူရီအဖွဲ့ဝင်များအဖြစ် ဇန်နဝါရီ ၁၆ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုလိုက်ကြပြီဆိုသော သတင်းတစ်ပုဒ် ကို ကျွန်ုပ်ဖတ်ရှုရသောအခါ သမိုင်းဝင် သမိုင်းတွင်ရစ် မည့် နိုင်ငံရေးဖြစ်စဉ်ကြီးတစ်ရပ်ကို စေ့ငုလေ့လာမိလေ၏။

 

အမေရိကန်နိုင်ငံသမိုင်းတွင် လက်ရှိသမ္မတ တစ်ဦး ကို ပါလီမန်၌ စွဲချက်တင်ကာ တရားစီရင်စစ်ဆေးမှုပြု လုပ်ခြင်းသည် တတိယအကြိမ် ဖြစ်လာပေမည်။ အမေရိကန်ပြည်ထောင်စုတရားရုံးချုပ်၏ တရားသူကြီး ချုပ် ဂျွန်ရောဘတ်စ်သည် တရားစီရင်စစ်ဆေးမှုကို ကြီးကြပ်ကွပ်ကဲမည်ဖြစ်ပြီး သူကိုယ်တိုင်နှင့် ဂျူးရီ အဖွဲ့ဝင်များအဖြစ် တာဝန်ယူမည့် အမတ်များကိုယ်တိုင် ကျမ်းသစ္စာကျိန်ဆိုမှုများ ပြုလုပ်ခဲ့ကြလေသည်။

 

ဆုံးဖြတ်မည်

 

အောက်လွှတ်တော်က ပေးပို့လိုက်သော စွဲချက်များအရ သမ္မတ ဒေါ်နယ်ထရမ့်ကို ရာထူးမှဖယ်ရှားနိုင်ရန် သင့်၊ မသင့် ယင်းကြားနာစစ်ဆေးမှုအရ လာမည့် ရက်သတ္တပတ်များအပြီးတွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ကြမည်ဖြစ်သည်။ တရားစီရင်စစ်ဆေးမှုကို ဇန်နဝါရီ ၂၁ ရက်တွင် အစပြုရန်စီစဉ်ထားသည်။

 

သမ္မတ ထရမ့်ကို တရားစီရင်စစ်ဆေးနိုင်ရန် တရားလိုများအဖြစ် ဆောင်ရွက်ကြမည့်ပုဂ္ဂိုလ်များ(ဝါ) ပါလီမန်အသုံးအနှုန်းအရ “မန်နေဂျာများ” ဖြစ်သည့် အောက်လွှတ်တော်အမတ် ခုနှစ်ဦးအနက် ခေါင်းဆောင်ဖြစ်သူ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌ အဒမ်ရှစ်ဖ်က သမ္မတအပေါ် စွဲချက်နှစ်ခုတင်ခဲ့လေသည်။

 

သမ္မတ ထရမ့် ရင်ဆိုင်နေရသော ပထမစွဲချက်မှာ အာဏာအလွဲသုံးမှုဖြစ်ပြီး ဒုတိယစွဲချက်မှာ ပါလီမန် လုပ်ငန်းများကို ပိတ်ပင်တားဆီးမှုဖြစ်သည်။ သမ္မတ ထရမ့်သည် ရာထူး အာဏာပါဝါ အလွဲသုံးခြင်းဟူသော စွဲချက်နှင့် ကွန်ဂရက် လွှတ်တော်၏လုပ်ငန်းများ အထစ်အငေါ့ ဖြစ်စေရန် တားဆီးပိတ်ပင်မှုပြုလုပ်ခြင်းဟူသော စွဲချက်တို့အရ အပြစ်တင်ထိုက်သည်ဟု ဒီဇင်ဘာ ၁၈ ရက်တွင် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

 

သမ္မတအား တရားစီရင်ရန် ဦးတည်သည့် အောက်လွှတ်တော်၏ မဲခွဲဆုံးဖြတ်မှု လုပ်ငန်းစဉ်အတွင်း အောက်လွှတ်တော်က တောင်းဆိုခဲ့သော အထောက် အထားများကို ပေးအပ်ရန် အိမ်ဖြူတော်က ငြင်းဆန်ခဲ့ သည့်အပြင် အိမ်ဖြူတော် တာဝန်ရှိသူများ သက်သေအဖြစ် လာရောက်ထွက်ဆိုရန် ဆင့်ခေါ်ခဲ့ရာတွင်လည်း ငြင်းဆန်မှုပြုလုပ်ခဲ့သည်ဆို၏။

 

“သမ္မတအား တရားစွဲဆိုနိုင်ရေးအတွက် အောက် လွှတ်တော်က ဆင့်ခေါ်မှုများ ပြုလုပ်ရာတွင် သမ္မတ ထရမ့်က ငြင်းဆန်ရန်ညွှန်ကြားခဲ့ခြင်းသည် အခြေခံ ဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း၊ သမ္မတအာဏာ ကို အလွဲသုံးမှုပြုလုပ်ရာလည်း ရောက်ကြောင်း” အဒမ်ရှစ်ဖ်က ပြောကြားခဲ့သည်။

 

သမ္မတက အာဏာအလွဲသုံးမှုအဖြစ် အမေရိကန်ယူကရိန်းအရှုပ်တော်ပုံကို အောက်လွှတ်တော်၏ စုံစမ်း စစ်ဆေးမှုလုပ်ငန်းစဉ်အတွင်း ကိုးကားခဲ့ကြသည်။

 

 ဖိအားပေးခဲ့

 

သမ္မတထရမ့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် သူ၏ အဓိကပြိုင်ဘက်ဖြစ်လာနိုင်ဖွယ်ရှိသော ဂျိုးဘိုင်ဒင်နှင့် ဘိုင်ဒင်၏ သားဖြစ်သူ ဟန်တာဘိုင်ဒင်တို့နှင့် ပတ်သက် ၍ စုံစမ်းဖော်ထုတ်ပေးရန် ယူကရိန်းသမ္မတသစ်အား  ဖိအားပေးလိုသည့်သဘောဖြင့် ကွန်ဂရက်လွှတ်တော်က အတည်ပြုပြီးဖြစ်သော စစ်ရေးအကူအညီ ဒေါ်လာ သန်း ၄၀ဝ ခန့် ထုတ်ပေးရေးကိစ္စတွင် နှောင့်နှေးကြန့်ကြာ အောင် ပြုလုပ်ခဲ့သည်ဆို၏။

 

သမ္မတထရမ့် ကိုယ်တိုင်ကမူ မိမိအနေဖြင့် တစ်စုံတစ်ရာ အမှားအယွင်းမလုပ်ခဲ့ပါဟုဆိုသည်။ သို့ရာတွင် ( ယူကရိန်းအရှုပ်တော်ပုံမှာ သူ့အား အထိနာစေသော အာဏာ ဖောက်လှဲဖောက်ပြန်လုပ်ရပ်အဖြစ် ဒီမိုကရက်တို့ က စွပ်စွဲပြစ်တင်ခဲ့ကြလေသည်။

 

အောက်လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ မိမိ၏နိုင်ငံရေးအကျိုးစီးပွားအလို့ငှာ  ယူကရိန်းအစိုးရအပေါ် ဖိအားပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် အမေရိကန်  ကွန်ဂရက်က အတည်ပြုထားပြီးဖြစ်သော ယူကရိန်းထံ စစ်ရေးအကူအညီပေးရေး အစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ထား ရန် သမ္မတထရမ့်က ညွှန်ကြားခဲ့သည်။ သမ္မတထရမ့်သည် ယူကရိန်းသမ္မတထံသို့တယ်လီဖုန်း ဆက်သွယ်ပြောဆိုခြင်း မရှိမီ စစ်ရေးအကူအညီပေးရေးအစီအစဉ်ကို ဆိုင်းငံ့ထားရန် စီစဉ်ခဲ့သည်ဆို၏။

 

ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်၏သား ဟန်တာ တိုင်ဒင်နှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ပေးရန် ယူကရိန်း သမ္မတအား သမ္မတထရမ့်က ဖုန်းဆက်သွယ်မှုအတွင်း တိုက်တွန်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

 

ချိတ်ဆက်ခဲ့

 

ဟန်တာသည် ယူကရိန်းနိုင်ငံ၏ အကြီးဆုံးသော | သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးတစ်ခုတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အမှုဆောင်တစ်ဦးအဖြစ် တာဝန်ယူခဲ့ သည်။ သမ္မတထရမ့်သည် ယူကရိန်းအား စစ်ရေးအကူအညီ ပေးရေးကိစ္စကို ဘိုင်ဒင် သားအဖတို့အား စုံစမ်းပေးရေး ကိစ္စနှင့် ချိတ်ဆက်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရာမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် စွဲချက်တင် ပြစ်တင်ကြားနာမှုပြုလုပ် ရေး အောက်လွှတ်တော်၏ ကြိုးပမ်းချက်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

 

ယူကရိန်းသမ္မတသစ်အား ဖိအားပေးလိုသည့် သဘောဖြင့် စစ်ရေးအကူအညီပေးမှုကို ဆိုင်းငံ့ထားခဲ့ခြင်းသည် အာဏာ အလွဲသုံးမှုအဖြစ် ဒီမိုကရက်အမတ်များက ရှုမြင်ကြသည်။ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရုရှားမဟုတ် မူ၍ ယူကရိန်းက ကြားဝင်စွက်ဖက်ခဲ့သည်ဟူသော နိုင်ငံ ရေးအရ လုပ်ကြံထိုးနှက်ချက်တစ်ရပ်ကို အောက်လွှတ်တော် က ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

 

သမ္မတထရမ့်သည် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ပြန်လည် ရွေးချယ်တင်မြှောက်ခံရရေးအတွက် ရည်ရွယ်ကာ ပြိုင်ဘက်အပေါ် ထိုးနှက်နိုင်မည့် အားနည်းချက်များကို ရှာဖွေခြင်း ဟုတ်၊ မဟုတ် ကြားနာစစ်ဆေးခဲ့ကြသည်။

 

၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီက သမ္မတအား စွပ်စွဲပြစ်တင်ကြားနာမှုကို အစပျိုးပေးခဲ့လေသည်။ ယူကရိန်း အရှုပ်တော်ပုံကို ကိုးကားလျက် သမ္မတတစ်ဦး အနေဖြင့် အာဏာအလွဲသုံးမှု ပြုလုပ်ခဲ့ဖွယ်ရှိသည်ဟု ပယ်လိုစီက ဆိုသည်။

 

၂၀၁၉ ခုနှစ်အောက်တိုဘာလအတွင်းအောက်လွှတ်တော်ရှိ ထောက်လှမ်းရေးကော်မတီ၊ စုံစမ်းစစ်ဆေးရေးနှင့် ပြုပြင် ပြောင်းလဲရေးကော်မတီ၊ နိုင်ငံခြားရေးကော်မတီတို့တွင် ကြားနာစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယူကရိန်းသံအမတ်ကြီး ဘီလ်တေလာ၊ ယူကရိန်းနှင့်သက်ဆိုင်သည့် အမေရိကန် မူဝါဒအား ကြီးကြပ်ကွပ်ကဲရသော ပင်တဂွန် အထက်တန်း တာဝန်ရှိသူလော်ရာကူးပါး၊ အိမ်ဖြူတော်လုံခြုံရေးကောင်စီ အကြံပေးပုဂ္ဂိုလ် ဖီယိုနာဟီလ် စသူတို့က သက်သေများ အဖြစ် ထွက်ဆိုမှုအသီးသီးပြုလုပ်ခဲ့ကြလေသည်။

 

သက်သေ သက္ကာရများ

 

ဆီးနိတ်လွှတ်တော်တွင် ကြားနာစစ်ဆေးမှုပြုလုပ် သည့်အခါ အသစ်ဖြစ်သော သက်သေသက္ကာရများနှင့် စာလွှာစာတမ်းများကို တင်သွင်းခွင့်ပေးရန် အထက် လွှတ်တော်၏ ဒီမိုကရက်ခေါင်းဆောင် ချက်မားက ဇန်နဝါရီ ၁၆ ရက်တွင် တောင်းဆိုခဲ့သည်။

 

ဆီးနိတ်လွှတ်တော်တွင် သမ္မတထရမ့်အား စွဲချက်တင်လွှာကို ဖတ်ကြားနေချိန်တွင် အထက်လွှတ်တော်အမတ် ဆူဇန်ကောလင်းမှာ မျက်ရည်တဝဲဝဲဖြင့် ဝမ်းနည်း ပက်လက်ရှိနေခဲ့သည်။ ဆူဇန်သည် ယခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြန်လည်ရွေးချယ်တင်မြှောက်ခံရနိုင် ရေးအတွက် အကြိတ်အနယ်ကြိုးပမ်းနေသော ရီပတ်ဘ လီကန်အမတ်(မိန်းပြည်နယ်မဲဆန္ဒနယ်) တစ်ဦးဖြစ်သည်။

 

ဆီးနိတ်ကြားနာစစ်ဆေးမှုတွင် အရေးပါဆုံးပုဂ္ဂိုလ် တစ်ဦးအဖြစ် မက္ကာနဲလ်ကို ရှုမြင်ကြသည်။ သူသည် ဆီးနိတ်တွင် လူများစုခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ အမေရိကန်နိုင်ငံသမိုင်းတွင် ရီပတ်ဘလီကန် ဆီးနိတ်ခေါင်းဆောင်အဖြစ် ကာလသက်တမ်းအရှည်ကြာ ဆုံး တာဝန်ထမ်းဆောင်လျက်ရှိသူလည်းဖြစ်သည်။

 

ဆီးနိတ်ကြားနာမှု စတင်ခြင်းမရှိမီ ဝါရင့်ဒီမိုကရက် အမတ်များက မက္ကာနဲလ်အား ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။ သူသည် သမ္မတထရမ့်နှင့် ကန့်လန့်ကာ နောက်ကွယ်တွင် “ညှိထားသည့် အသွင်ရှိနေသည်ဟု ဝေဖန်ကြခြင်းဖြစ်သည်။

 

သက်သေများကို ဆင့်ခေါ်ရန် သင့်၊ မသင့် လာမည့် ရက်သတ္တပတ်တွင် မဲခွဲဆုံးဖြတ်မည်ဟု သူမျှော်လင့်ကြောင်း ရှူးမားက ပြောကြားခဲ့သည်။ တရားစီရင် စစ်ဆေးခြင်း ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရီပတ် ဘလီကန်ခေါင်းဆောင်က ချပြထားသော ဆုံးဖြတ်ချက်ကို မိမိတွေ့မြင်ရခြင်းမရှိသေးကြောင်း ရှူးမားက ပြောကြားသည်။

 

သက်သေများကို ဆင့်ခေါ်ရန် သင့်၊ မသင့် လာမည့် ရက်သတ္တပတ်တွင် မဲခွဲဆုံးဖြတ်မည်ဟု သူမျှော်လင့်ကြောင်း ရှူးမားက ပြောကြားခဲ့သည်။ တရားစီရင် စစ်ဆေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရီပတ် ဘလီကန် ခေါင်းဆောင်က ချပြထားသော ဆုံးဖြတ်ချက်ကို မိမိတွေ့မြင်ရခြင်းမရှိသေးကြောင်း ရှူးမားက ပြောကြားသည်။

 

သက်သေများဆင့်ခေါ်ရေးကိစ္စကို မက္ကာနဲလ်က  ပယ်ချခဲ့ခြင်းမရှိချေ။ ၁၉၉၉ ခုနှစ်တွင် သမ္မတ ဘီလ်ကလင် တန်အား ဆီးနိတ်တွင် ကြားနာစစ်ဆေးခဲ့သည့်ပုံစံမျိုးဖြင့် တရားစီရင်သင့်သည်ဟု မက္ကာနဲလ်က အကြံပြုပြောကြားခဲ့သည်။ ကလင်တန်အမှုတွင် မည်သူမည်ဝါတို့အား သက်သေများအဖြစ်ခေါ်ယူရန် မဲပေးဆုံးဖြတ်သည့် နည်းလမ်းကို ကျင့်သုံးခဲ့ကြသည်။ စောဒကတက်နိုင်သော  ကာလတစ်ရပ်အပြီးတွင် သက်သေများရွေးချယ်မှုကိုပြုလုပ် လေ့ရှိသည်။

 

လှည့်ကွက်

 

မိမိအား ဆီးနိတ်တွင်တရားစီရင်မှုသည် “လှည့်ကွက်" တစ်ခုသာဖြစ်ပြီး တရားစီရင်စစ်ဆေးမှုကို မြန်မြန်သွက် သွက်ပြုလုပ်သင့်သည်ဟု သမ္မတထရမ့်က စိတ်မသက် မသာဖြင့် သတင်းထောက်များအား ပြောကြားခဲ့သည်။ ဒီမိုကရက် တို့သည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အတုအယောင်(ဝါ) လံကြုပ် “လှည့်ကွက်တစ်ခုကို ဖန်တီးနေကြကြောင်း သူက အပြစ်တင်စကားဆိုသည်။

 

လာမည့်ရက်သတ္တပတ်တွင် တရားစီရင်မှု၏ အစပျိုးမှုအဖြစ် စောဒကတက်မှုများကို ဆီးနိတ်တွင်ကြားနာ သည့်အခါ သမ္မတထရမ့်သည် ဆွစ်ဇာလန်နိုင်ငံရှိ  သာယာလှပသော နှင်းလျှောစီး အပန်းဖြေစခန်းတစ်ခု တွင် ရှိနေမည်ဟုဆိုသည်။ ယင်းမှာ သူ၏ နှလုံးသားတွင် ဖြစ်ပေါ်နေသော အပူလှိုင်းများကို သဘာဝအအေးလှိုင်းများဖြင့် ငြိမ်းသတ်မည့် လက္ခဏာဖြစ်သည်။

 

သမ္မတထရမ့်သည် ဆွစ်ဇာလန်နိုင်ငံ၌ကျင်းပမည့် နှစ်ပတ်လည် ကမ္ဘာ့စီးပွားရေးဖိုရမ်ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဒါဗို့စ်မြို့သို့ ခရီးထွက်ခွာမည်ဟု သတင်းထောက်များအား ပြောကြားသည်။

 

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာကြမည့် ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များနှင့် နိုင်ငံ့အကြီးအကဲ များကို တွေ့ဆုံရန် အခွင့်အရေးရလိမ့်မည်ဟု သူက ဆိုသည်။

 

ကြာမြင့်နိုင်

 

ဇန်နဝါရီ ၂၁ ရက်တွင် စတင်မည့် တရားစီရင် စစ်ဆေးမှုသည် အနည်းဆုံး သီတင်းနှစ်ပတ်မှ သုံးပတ်အထိ ကြာမြင့်နိုင်ကြောင်း အထက်လွှတ်တော်အမတ် များက ပြောကြားကြသည်။

 

အထက်လွှတ်တော်တွင် တရားစွဲဆိုမှုလုပ်ငန်းစဉ် စတင်လိုက်သည့်နေ့မှာပင် အစိုးရလုပ်ငန်းများ တာဝန်ခံမှု ဆိုင်ရာရုံး(Government Accountability Office)က အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ရာတွင် ပါလီမန်က အတည်ပြုပြီးဖြစ်သော စစ်ရေးအကူအညီအား ယူကရိန်း ထံသို့ပေးအပ်ရန် သမ္မတထရမ့်က ဆိုင်းငံ့ခဲ့ခြင်းသည် ဖက်ဒရယ်ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အတိအလင်း ဖော်ပြထားသည်။

 

အစိုးရ၏လုပ်ဆောင်ချက်များကို စောင့်ကြည့်သည့်  လွတ်လပ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် GAO အစီရင်ခံစာပါ သုံးသပ်ချက်သည် ဆီးနိတ်လွှတ်တော်၏ တရားစီရင်စစ်ဆေးမှုအပေါ် မည်သည့်အတိုင်းအတာ အထိ အကျိုးသက်ရောက်မှုရှိ၊ မရှိ လောလောဆယ် မသိရသေးပေ။

 

ဆီးနိတ်တရားစီရင်မှုတွင် အိမ်ဖြူတော်ရှိ အထက် တန်းတာဝန်ရှိသူများ လာရောက်ထွက်ဆိုရန် ဒီမိုကရက်တို့ က တောင်းဆိုထားသော်လည်း လူအများစုခေါင်းဆောင် မက္ကာနဲလ်က လက်မခံသေးသဖြင့် ဆန့်တငံ့ငံ့ ဘဝင်မကျသည့် အနေအထားမျိုးရှိနေဆဲဖြစ်သည်။

 

သမ္မတအပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ကို ဆီးနိတ် တွင်ချမှတ်နိုင်ရေးအတွက် ဆီးနိတ်အမတ် ၁၀ဝ အနက် သုံးပုံနှစ်ပုံ၏ထောက်ခံမှု ရရှိရန်လိုအပ်သည်။ လက်ရှိ ဆီးနိတ်တွင် ရီပတ်ဘလီကန်အမတ် ၅၃ ဦး၊ ဒီမိုကရက် အမတ် ၄၅ ဦးနှင့် ဒီမိုကရက်ဘက်ယိမ်းသော တစ်သီး ပုဂ္ဂလအမတ် နှစ်ဦး ရှိနေသည်။ သမ္မတကို ရာထူးမှ ဖယ်ရှားနိုင်ရန် ဒီမိုကရက်အမတ်များနှင့် တစ်သီးပုဂ္ဂလ အမတ်များ အားလုံးက ထောက်ခံလျှင်သော်မှ အမတ် အရေအတွက် သုံးပုံ နှစ်ပုံဖြစ်သော ၆၇ မဲရရှိရန် ရီပတ် ဘလီကန်အမတ် ၂၀ ထက်မနည်း ထောက်ခံရန် လိုအပ်သည်။

 

အရိပ်မည်းကြီး

 

သမ္မတထရမ့်သည် ဆီးနိတ်လွှတ်တော် ကြားနာမှု ကို ရင်ဆိုင်ရန်ရှိနေသော်လည်း သူ့အား ရာထူးမှ ဖယ်ရှား နိုင်လောက်သည့် ပြစ်ချက်များမှ သူ ကျော်လွှား လွန်မြောက်နိုင်လိမ့်မည်ဟု သူကိုယ်တိုင် ယုံကြည်ထား သည်ဟု အိမ်ဖြူတော်က ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့မှုမှာ လာမည့် ကြားနာစစ်ဆေးမှုအပေါ် အရိပ်မည်းကြီးသဖွယ် ထိုးထားဆဲဖြစ်သည်။

 

မည်သို့ပင်ဆိုစေ ဒီမိုကရေစီစံနှုန်းများကို ဦးထိပ် ပန်သော အမေရိကန်ပြည်ထောင်စုတွင် အာဏာရှင်တိုင်း မိမိလုပ်ချင်ရာ လုပ်ပိုင်ခွင့်မရှိ၊ ဥပဒေအထက်တွင် မည်သူမျှမရှိ၊ တရားဥပဒေစိုးမိုးရေးသည် ပြည်သူ အားလုံး၏ အရေးဖြစ်သည်ဆိုသော သဘောတရား များကို လာမည့်တရားစီရင်မှုက သိကြားစေ သက်သေ ညွှန်းလိမ့်မည်ဟု ကျွန်ုပ်တွေးတောမိရင်း “ပဉ္စလက် ဆန်သော အလှည့်အပြောင်း အာဏာရှင်အပေါင်းကို စိန်ခေါ်” ဟု ကျူးရင့်မိပါသတည်း။ ။