ကိုဌေး (ကနောင်)

မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဘက်ပေါင်းစုံမှ တွန်းအားပေးဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ 

သို့ဖြစ်၍ အမျိုးသားအားကစားပွဲတော်ကြီးတွင် ပါဝင်ဆင်နွှဲကြမည့် အားကစားမောင်မယ်များအနေဖြင့် ပြိုင်ပွဲများကို အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ကြစေရေး၊ အားကစားနည်းအလိုက် ပြိုင်ပွဲပွဲစဉ်များကို အကဲဖြတ်သုံးသပ် ဆုံးဖြတ်ပေးရမည့် ဒိုင်/ဂျူရီအဖွဲ့ဝင်များသည်လည်း စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များနှင့်အညီ တရားမျှတစွာ သုံးသပ်ဆုံးဖြတ်နိုင်စေရေးနှင့် ပြိုင်ပွဲပွဲစဉ်များကို လာရောက်ကြည့်ရှုအားပေးကြမည့် ပရိသတ်များကလည်း နိုင်ငံကြီးသား ပီသစွာ မျှမျှတတ အားပေးတတ်စေရေးတို့အတွက် ရည်ရွယ်၍ ဤဆောင်းပါးကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။

အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်

ကမ္ဘာပေါ်တွင် ကျင်းပလျက်ရှိသည့် အိုလံပစ် အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ ကမ္ဘာ့တိုက်ကြီးများဖလားဘောလုံး ပြိုင်ပွဲ၊ ဥရောပဖလားဘောလုံးပြိုင်ပွဲ၊ Champion League ဘောလုံးပြိုင်ပွဲ၊ နိုင်ငံအသီးသီးတွင် ကျင်းပလျက်ရှိသည့် League ပြိုင်ပွဲအမျိုးမျိုးအပြင် အပြည်ပြည်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များက ကြီးမှူးကျင်းပလျက်ရှိသည့် အားကစားနည်းအလိုက် ပြိုင်ပွဲပေါင်း မြောက်မြားစွာရှိကြပါသည်။

ပြိုင်ပွဲအသီးသီးတွင် သက်ဆိုင်ရာ အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြသည့် အားကစားသမားများအနေဖြင့် မိမိတို့ပါဝင်ယှဉ်ပြိုင် သည့် အားကစားနည်းများ၏ စည်းမျဉ်း၊ စည်းကမ်း ဥပဒေများကို သိရှိထားကြရန် လိုအပ်သကဲ့သို့ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် အားကစား စိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်လည်း အထူးလိုအပ်လှပါသည်။

အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများကို အားကစားသမားများ ကိုယ်တိုင်သော်လည်းကောင်း၊ ပွဲကြည့်ပရိသတ်များအနေဖြင့် သော်လည်းကောင်း သိရှိနားလည်မှုအားနည်း၍ဖြစ်စေ၊ အားကစားစိတ်ဓာတ်ကင်းမဲ့စွာ ယှဉ်ပြိုင်ခြင်းကြောင့်ဖြစ်စေ၊ သတ်မှတ်စည်းကမ်းများ၏ ဥပဒေ ပြင်ပယှဉ်ပြိုင်မှုများကြောင့်ဖြစ်စေ၊ ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်အား မကျေနပ်၍ဖြစ်စေ၊ ပရိသတ်များ၏ လွန်ကဲစွာအားပေးမှုကြောင့်ဖြစ်စေ အားကစားပြိုင်ပွဲများတွင် မကြာခဏ အငြင်းပွားမှုများ၊ ကွင်းအတွင်း ခိုက်ရန်ဖြစ်ပွားမှုများမှသည် ကွင်းပြင်ပ ပရိသတ်များအထိပါ တစ်ဖက်နှင့် တစ်ဖက် ပဋိပက္ခ ရုန်းရင်းဆန်ခတ် ခိုက်ရန်ဖြစ် ပွားမှုဖြစ်စဉ်များရှိခဲ့ပြီး ထိုဖြစ်စဉ်များကြောင့် လူပေါင်းရာချီ၍ သေဆုံးမှုများဖြစ်ပွားခဲ့သည့် သာဓကများ ဖြစ်ပေါ်ခဲ့ဖူးပါသည်။ သို့ဖြစ်၍ အားကစား ပြိုင်ပွဲတိုင်းတွင် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ခြင်းမပြုသရွေ့ အလားတူဖြစ်စဉ်ဖြစ်ရပ်မျိုး မကြာခဏ ဆိုသလို ဖြစ်ပေါ်နေမည်ဟု ယူဆမိပါသည်။

အားကစားစိတ်ဓာတ်နှင့်ပတ်သက်၍ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုထားရှိသည်ကို မှတ်သားဖူးပါသည်။ မှတ်သားမိသလောက် အားကစားစိတ်ဓာတ်နှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို တင်ပြ ရလျှင်-

-အားကစားယှဉ်ပြိုင်ရာ၌ အားကစားသမားတိုင်းသည် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကိုသာမက နည်းပြဆရာ၊ အုပ်ချုပ်မှု၊ အားကစားဆေးပညာရှင် အစရှိ သော ပြိုင်ပွဲတာဝန်ရှိသူများ၏ လမ်းညွှန်မှုနှင့် အဆုံးအဖြတ်တို့ကို တိကျလေးစားစွာ လိုက်နာရမည်။

-အားကစားယှဉ်ပြိုင်ရာ၌ အားကစားသမားတိုင်းသည် ပွဲကြည့်ပရိသတ်များအား စော်ကားသည့် ရိုင်းပျညစ်နွမ်းသော အပြုအမူ အပြောအဆိုများကို မပြုမိစေရေး ဆင်ခြင်ရန် တစ်နည်းအားဖြင့် ကိုယ်စိတ်နှလုံး သုံးပါးစလုံးကို စောင့်ထိန်းရမည်။

-အားကစားယှဉ်ပြိုင်ရာ၌ မိမိလူမျိုး၊ မိမိနိုင်ငံတော်၏ ကျေးဇူးကို စောင့်သိလျက် အမျိုးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် အားသွန် ခွန်စိုက် ကြိုးပမ်းယှဉ်ပြိုင်ရမည်။ 

-အားကစားယှဉ်ပြိုင်ရာ၌ ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်ဆိုသကဲ့သို့ မလျော့သောဇွဲ၊ သတ္တိ၊ ပြင်းပြသောလုံ့လတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်။

-အားကစားယှဉ်ပြိုင်ရာ၌ ရွှေတံဆိပ်ဆုရရှိ ရေးထက် ပို၍အရေးကြီးသည်မှာ ယှဉ်ပြိုင် ဘက် အားကစားသမားတစ်ဦး ဘေးဒုက္ခကြုံတွေ့နေခြင်းကို ကိုယ်ကျိုးစွန့်ပြီး ကူညီမှုဖြစ်သည်။ 

-အားကစားယှဉ်ပြိုင်ရာ၌ အနိုင်ရသူအပေါ် မနာလိုမှု(ဣဿာ)၊ ဝန်တိုမှု(မစ္ဆရိယ)စိတ်များ မထားရဘဲ အနိုင်ရလောက်သော အားကစား စွမ်းရည်ရှိ၍ အနိုင်ရခြင်းဖြစ်ကြောင်းနှင့် သူ့နည်းတူဖြစ်ဖို့ မိမိဘက်မှ ဆတက်ထမ်းပိုး ကြိုးစားရဦးမည်ဖြစ်ကြောင်းတို့ကို အမှန်အတိုင်းနားလည်လျက် အနိုင်ရသူနှင့် ထပ်တူ ထပ်မျှ ဝမ်းသာနိုင်အောင် ကြိုးစားရမည်။ 

-အားကစားယှဉ်ပြိုင်ရာ၌ သာမန်ပွဲသေးဖြစ်၍ ရေသာခိုပြီး ကစားခြင်းနှင့် ထိပ်တန်းပွဲ ကြီးဖြစ်၍ အားသွန်ပြီးကစားခြင်းတို့ကို မပြုသင့်ဘဲ ပြိုင်ပွဲအပေါ်မူတည်၍ အလျှော့ အတင်းဖြင့် ကစားခြင်းသည် ယှဉ်ပြိုင်မှု အလေ့အကျင့်ကို ထိခိုက်ပျက်စီးစေပါသည်။

-အားကစားယှဉ်ပြိုင်ရာ၌ အသက်အရွယ်သည် ပဓာနမဟုတ်ဘဲ ပါဝင်ဆင်နွှဲခြင်းသည် သာ ပဓာနဖြစ်ပါသည်။

-အားကစားယှဉ်ပြိုင်ရာ၌ တားမြစ်ဆေး စသည်တို့၏ အကူအညီကိုယူပြီး မရိုးဖြောင့် သည့်နည်းဖြင့် ယှဉ်ပြိုင်ခြင်းမပြုဘဲ အပြစ်ကင်းသည့်အလုပ်ကို ပြုလုပ်မိပါစေ။

-အားကစားယှဉ်ပြိုင်ရာ၌ အားကစားသမား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားခြင်း၊ ချစ်ခင်ညီညွတ်ခြင်း၊ ကူညီရိုင်းပင်းခြင်းတို့ နှင့်သာ ယှဉ်ပြိုင်ရမည်။ 

-အားကစားလေ့ကျင့်ရာ၌ လည်းကောင်း၊ အားကစားယှဉ်ပြိုင်ရာ၌ လည်းကောင်း ပွင့်လင်းမှု၊ ရိုးသားမှု၊ သည်းခံမှု၊ ခွင့်လွှတ်မှု၊ စိတ်ရှည်ရှည်ထားမှု၊ နိုးကြားမှု၊ ကြိုးစားမှု အစရှိသည်တို့ကို အမြဲရှိထားရပါမည်။ 

-အားကစားသမားချင်း တစ်ဦးကိုတစ်ဦး ရဲဘော်ရဲဘက်စိတ်ထားရှိရမည် စသည်ဖြင့် အယူအဆအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း တွေ့ရှိရပါသည်။

Green Card ကိုပါ ထည့်သွင်းသတ်မှတ်

အားကစားစိတ်ဓာတ်နှင့်ပတ်သက်၍ အတွေ့အကြုံတစ်ခုကို တင်ပြရလျှင် အာရှဘောလုံးအဖွဲ့ချုပ်၏ အစီအမံဖြင့် အရှေ့တောင်အာရှနိုင်ငံများ၏ ကျောင်းသားလူငယ်ဘောလုံးပွဲတော်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က စတင်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါလူငယ်ဘောလုံးပွဲတော်သို့ တက်ရောက် လေ့လာခွင့်ရရှိခဲ့ပါသည်။ ထိုအချိန်မှာ ၂၀၀၄ ခုနှစ် ဇွန်လအတွင်းတွင်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အသက်(၁၄) နှစ်အောက် ကျောင်း သားအားကစားပွဲတော် ကျင်းပခဲ့ရာ အာရှနိုင်ငံများမှ တစ်ချိန်တွင် ဘောလုံးအကျော်အမော်များဖြစ်လာမည့် လူငယ်ကျောင်းသားအားကစားသမားများ ပါဝင်ယှဉ်ပြိုင်သည့် လူငယ်ကျောင်းသားပွဲတော် (ဘောလုံးပြိုင်ပွဲ)၏ စည်းကမ်းသတ်မှတ်ချက်များ တွင် Yellow Card, Red Card များအပြင် Green Card ကိုပါ ထည့်သွင်းသတ်မှတ်ခဲ့ပါသည်။ 

တားမြစ်ထားသည့် သာမန်ပြစ်မှုများဖြစ်ပါက Yellow Card (အဝါကတ်) ပြသပြီး ပြိုင်ဘက် ကစားသမားအား ထိခိုက်နစ်နာစေလိုသော ရည်ရွယ်ချက်ဖြင့် ပြစ်မှုကျူးလွန်ပါက တိုက်ရိုက်ထုတ်ပယ်သည့် Red Card (အနီကတ်) များကိုသာ ဒိုင်လူကြီးများသုံးစွဲသည်ကို မြင်တွေ့ခဲ့ဖူးသော်လည်း အဆိုပါကျောင်းသားအားကစား ပွဲတော်တွင် ဘောလုံးအားကစားဆောင်ပုဒ်ဖြစ်သည့် Fair Play ဆောင်ပုဒ်အား မျိုးဆက်သစ်များ အတုယူလိုက်နာ တတ်စေရေးအတွက် Green Card (အစိမ်းကတ်)အား ထည့်သွင်းအသုံးပြုခဲ့သည်ကို တွေ့ခဲ့ရပါသည်။
 
Green Card မှာ ကစားသမားနှစ်ဦး အင်တိုက်အားတိုက် အားကြိုးမာန်တက် ယှဉ်ပြိုင်ကစားနေစဉ်အတွင်း တစ်ဦးလဲကျသွားပါက ကျန်အားကစား သမားတစ်ဦးက ဘောလုံးကိုဆက်မကစားဘဲ လဲကျသွားသည့် ကစားသမားအား ဆွဲထူပေးခြင်း၊ တောင်းပန်ခြင်းများ ချက်ချင်းပြုလုပ်ပါသည်။ အလားတူ ရှေ့တန်းကစားသမားနှင့် နောက်တန်း ကစားသမား ဘောလုံးယှဉ်ပြိုင်လုရင်း နောက်တန်း ကစားသမား လဲကျကျန်ခဲ့ပြီး ပြိုင်ဘက်ရှေ့တန်း ကစားသမားက ဂိုးသွင်းခွင့် အခွင့်အရေးရရှိသွား သော်လည်း ဂိုးသွင်းခြင်းမပြုဘဲ လဲကျသွားသည့် ကစားသမားအား ဆွဲထူပေးခြင်း၊ တောင်းပန်ခြင်း များ ပြုလုပ်ပါသည်။

ထိုသို့သောဖြစ်စဉ်များအား မြင်တွေ့ရပါက ဒိုင်လူကြီးက အနီးသို့ပြေးသွားပြီး ဆွဲထူပေးသည့် ကစားသမားကို အားကစားစိတ်ဓာတ်ရှိသူအဖြစ် ဂုဏ်ပြုသတ်မှတ်သည့်အနေဖြင့် Green Card အား ပြသပါသည်။ ပြိုင်ပွဲပြီးဆုံးချိန်တွင် ပြိုင်ပွဲဝင်အသင်း တစ်သင်းလုံး အဝါကတ်၊ အနီကတ် လုံးဝပြသခံ ရခြင်းမရှိသည့် အသင်းအား ကွင်းလယ်ဒိုင်လူကြီးက အနီးသို့ သွားရောက်ပြီး တစ်သင်းလုံးအား Green Card ပြသပြီး အားကစားစိတ်ဓာတ်ပြည့်ဝသော အသင်းအဖြစ် ဂုဏ်ပြုပါသည်။ 

ပရိသတ်က ပိုမိုအားပေးဂုဏ်ပြု

ပြိုင်ပွဲကြီးပြီးဆုံးချိန်တွင်လည်း ပထမရရှိသော အသင်းအား ဆုဖလား၊ ဆုတံဆိပ်များ ချီးမြှင့် ပေးအပ်သလို ပွဲစဉ်တစ်လျှောက် အသန့်ရှင်းဆုံး အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ယှဉ်ပြိုင်သည့် Green Card အများဆုံးရရှိသည့် အသင်းအား ပထမရရှိသည့်အသင်းနှင့်တန်းတူ ဆုဖလားနှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဤကျောင်းသား အားကစားပွဲတော်က ဆုချီးမြှင့်သည့် အခမ်းအနားတွင် ပထမရရှိသော အသင်းထက် အသန့်ရှင်းဆုံးဆုနှင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်သည့် အသင်းအား ပရိသတ်က ပိုမိုအားပေးဂုဏ်ပြုကြသည်ကို ဂုဏ်ယူဖွယ်မြင်တွေ့ခဲ့ရပါသည်။ သို့ဖြစ်၍ အားကစားသမားတိုင်း ပြိုင်ပွဲဝင်ရာတွင် အားကစား စိတ်ဓာတ်အပြည့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရန်မှာ အထူးအရေးကြီးလှပေသည်။

အားကစားပြိုင်ပွဲတိုင်းတွင် ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ် အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန် လိုအပ်သကဲ့သို့ ပြိုင်ပွဲတိုင်းတွင် Fair Play ဖြစ်စေရန်လည်း အထူးလိုအပ်လှပါသည်။

Fair Play ဆိုသည်မှာ

Fair Play ဆိုသည်မှာ အားကစားသမားများ နှင့်သာ သက်ဆိုင်နေခြင်းမျိုးမဟုတ်ဘဲ ပြိုင်ပွဲတစ်ခု ကျင်းပပြုလုပ်မည်ဆိုလျှင် မဖြစ်မနေ ပါဝင် ပတ်သက်နေသူများဖြစ်သည့် (၁) အားကစားသမား၊ (၂) ဒိုင်လူကြီး၊ (၃) ပွဲကြည့်ပရိသတ်၊ (၄) ပြိုင်ပွဲ ကျင်းပရေးကော်မတီနှင့် (၅) ပြိုင်ပွဲကျင်းပမည့် အားကစားကွင်း/အားကစားရုံအခြေအနေတို့ မဖြစ် မနေ ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါသည်။ အားကစားပြိုင်ပွဲများ အထူးသဖြင့် ဘောလုံးပြိုင်ပွဲ များအား အကျည်းတန်အရုပ်ဆိုးစေသည့်ဖြစ်ရပ် များမှာ ပြိုင်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားရာတွင် ပြဿနာများ ပေါ်ပေါက်ပြီး ပွဲရပ်ဆိုင်းလိုက်ရခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း၊ ပြိုင်ပွဲကြီးကြပ်သူ ဒိုင်လူကြီးများအား မချေမငံ ပြုမူပြောဆိုခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ ပရိသတ်များ၏ ဆူပူအကြမ်းဖက် ရမ်းကားခြင်းပင်ဖြစ်ပါသည်။ 

ယခုခေတ်တွင် အားကစားနည်းအလိုက် နိုင်ငံတကာ အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံ အနေဖြင့် မကြာခဏဆိုသလို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိရာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော နိုင်ငံတွင် အထက်ပါဖြစ်စဉ်များ ဖြစ်ပွားပါက သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ၏ အားကစားအဖွဲ့ချုပ်များအား အရေးယူမှုများ ပြုလုပ်လာသည်အထိပင် ဖြစ်သည်ဟု ကြားသိရခြင်းမှာ မနှစ်မြို့စရာဖြစ်သည့် အပြင် သက်ဆိုင်ရာနိုင်ငံနှင့် လူမျိုးတို့၏ ဂုဏ်သိက္ခာကိုပင် ထိခိုက်လာစေပါသည်။ သို့ဖြစ်၍ ပြိုင်ပွဲတစ်ခု ကျင်းပရာတွင် ပါဝင်ပတ်သက်နေသူများ၏ အခန်းကဏ္ဍကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်ပါသည်။  

(ဆက်လက်ဖော်ပြပါမည်)