နေပြည်တော် ဩဂုတ် ၂၆
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ဦးရဲတင့်၊ ဒေါက်တာ အောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးတို့မှ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ တာဝန်ရှိသူတို့က အွန်လိုင်းမှ တက်ရောက် ကြသည်။
ဦးစွာ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲ၊ ပိတ်ပွဲအစည်းအဝေး ယခင်နှစ်ကြိမ်တွင်လည်း ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ဆွေးနွေးပြီးဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးမှ ဆုံးဖြတ်၊ သုံးသပ်ပြီး အဖွဲ့လိုက်၊ ကဏ္ဍအလိုက် စတင်ဖွဲ့စည်း၍ လာမည့်စက်တင်ဘာလတွင် ကြိုတင်ပြင်ဆင်လေ့ကျင့်ရန် ဆုံးဖြတ်ထားပါကြောင်း၊ မိမိကဏ္ဍအလိုက်၊ အဖွဲ့အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အသေးစိတ် ဆွေးနွေး၍ မိမိတို့ကော်မတီက အတည်ပြုကာ တာဝန်ခွဲဝေ လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် သက်ဆိုင်ရာပညာရှင်များနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းသို့ သွားရောက်လေ့လာပြီး ဖြစ်ပါကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း အမျိုးသားအားကစားပွဲတော်ကို အနှစ်သာရအပြည့်ဖြင့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်ပြီး အားကစားအဆင့်အတန်းမြင့်မားရေးအတွက် ကျင်းပမည်ဟု ပြောကြားပါကြောင်း၊ အမျိုးသားအားကစားပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပရခြင်းမှာ ပြည်သူများအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားလာစေရေးနှင့် အားကစားစိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ပံ့ပိုးကူညီဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ ယခုအားကစားပွဲတော်သည် နိုင်ငံတော်နှင့် ပြည်သူများအတွက် အရေးပါအလေးနက်ထားရမည့် အခမ်းအနားတစ်ခု ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပဉ္စမအကြိမ်အမျိုးသားအားကစား ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်း စီမံချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ဦးရဲတင့်၊ ဒေါက်တာအောင်ဇေယျတို့က ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး၊ ပြည်နယ်အလံများနှင့် အမျိုးသားအားကစားပွဲတော်အလံကို Free Fall လေထီးဖြင့် ကွင်းအတွင်းသယ်ဆောင်ခြင်း အစီအစဉ်၊ အခမ်းအနားအစီအစဉ်နှင့် ဘဏ္ဍာရေးဆိုင်ရာများ အချိန်မီတင်ပြနိုင်ရေး၊ ဖျော်ဖြေတင်ဆက်မည့်အစီအစဉ်၊ နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ အပါအဝင် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိရန် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ စစ်လက်နက် ပစ္စည်းညွှန်ကြားရေးမှူးရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ အနုပညာဦးစီးဌာန၊ မြန်မာ့လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ တပ်မတော်ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင် အစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် တက်ရောက် လာသူများက ကျောင်းသား ကျောင်းသူများ၏ (Performance) သရုပ်ဖော်အကအလှများ ဆောင် ရွက်ထားရှိမှု၊ မီးရှူးမီးပန်း အလှဆင်ပစ်ဖောက်ရန် ဆောင်ရွက်ထားရှိမှု၊ တိုက်ရိုက်(Live) ရိုက်ကူး ထုတ်လွှင့်ရေး ဆောင်ရွက်မည့်အစီအစဉ်၊ ဖွင့်ပွဲ၊ ပိတ်ပွဲတွင်ပါဝင်မည့် ဖျော်ဖြေရေးအစီအစဉ်များ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေး ဆောင်ရွက်ထားရှိမှု စသဖြင့် အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်


