နေပြည်တော် အောက်တိုဘာ ၂၅

 

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကိုလေး၊ ဦးရဲတင့်၊ ဒေါ်နုမြဇံ၊ ဒေါက်တာမိုးဇော်ထွန်း၊ ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလွတ်ခုန်လေထီးသရုပ်ပြအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ကြပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်း အရုံး(ဗဟို)နှင့် မြန်မာနိုင်ငံဟာသ ပညာရှင်များအစည်းအရုံး(ဗဟို)တို့မှ တာဝန်ရှိသူများက အွန်လိုင်းမှတက်ရောက်ကြသည်။

 

ဦးစွာ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်း အနားကျင်းပရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက အမျိုးသား အားကစားပွဲတော်သည် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးအတွက် ရည်ရွယ်ကျင်းပသည့် အနှစ်သာရ ပြည့်ဝသော ပွဲတော်တစ်ခုဖြစ် ကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ စွမ်းရည်နှင့် လူငယ်များ၏ အားမာန်ကိုပြသသည့် အားကစား ပွဲတော်ကြီးဖြစ်ပြီး အမျိုးသားစိတ်ဓာတ်များ နိုးကြားလာစေရေး စွမ်းဆောင်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးမှ ပြည်သူများနှင့် နိုင်ငံတကာမှ လာရောက်အားပေးကြည့်ရှုနိုင်စေရေး စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံနှင့် ပြည်သူတို့အတွက်အရေးပါသည့် အခမ်းအနားဖြစ်သည့်အတွက် အလေးအနက်ထား ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ရန်ကျန်ရှိသည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပါဝင် ဖျော်ဖြေတင်ဆက်မည့် ခေတ် ၆ ခေတ်အကတွင် ဝတ်ဆင်မည့်ခေတ်အလိုက် ဝတ်စုံနမူနာပုံစံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ဦးရဲတင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ ဒေါက်တာ အောင်ဇေယျတို့က ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး၊ ပြည်နယ် အလံများနှင့် အမျိုးသား အားကစားပွဲတော်အလံကို Free Fall ဖြင့် ကွင်းအတွင်းသယ်ဆောင်ခြင်း၊ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်မည့် အစီအစဉ်၊ နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ၊ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်ချက်များနှင့် စပ်လျဉ်း၍ အကြံပြုတင်ပြကြသည်။

ထို့နောက် ပညာရေးဝန်ကြီး ဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ အနုပညာဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးလုပ်ငန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိ သူများနှင့် တက်ရောက်လာသူများက ကျောင်းသား ကျောင်းသူများ၏ သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်နိုင်ရေး၊ မီးရှူး မီးပန်း အလှဆင်ပစ်ဖောက်ရန် ဆောင်ရွက်ထားရှိမှု၊ တိုက်ရိုက် (Live) ရိုက်ကူး ထုတ်လွှင့်ရေးဆောင်ရွက်မည့် အစီအစဉ်၊ ဖွင့်ပွဲ၊ ပိတ်ပွဲတွင်ပါဝင်မည့် ဖျော်ဖြေရေး အစီအစဉ်များ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

သတင်းစဉ်