မန္တလေး နိုဝင်ဘာ ၈

 

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် မန္တလေးတိုင်းဒေသကြီးမှ အားကစားနည်း ၂၇ နည်းကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းပွဲတော်တွင် မန္တလေးတိုင်းဒေသကြီးမှ အုပ်ချုပ်သူ၊ နည်းပြ ၁၃၁ ဦး၊ အားကစားသမား ၄၃၈ ဦး စုစုပေါင်း ၅၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနအနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့အတူ အမျိုးသားအားကစားပွဲတော်မှာ အားကစားနည်း ၂၃ မျိုးနဲ့ မသန်စွမ်းအားကစားနည်း ၄ မျိုး စုစုပေါင်း ၂၇ မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးစီကို အားကစားနည်း ၄ မျိုးပေးအပ်ပြီး သူတို့ရဲ့ အုပ်ချုပ်မှု၊ လမ်းညွှန်မှုတွေနဲ့အတူ သက်ဆိုင်ရာ အားကစားကွင်းတွေမှာ အောက်တိုဘာလကနေစပြီး စခန်းသွင်း လေ့ကျင့်နေပါတယ်။ မန္တလေးတိုင်းဒေသကြီး အားကစားသမားတွေ အားသာချက်ရှိတဲ့ အားကစားတွေဖြစ်တဲ့ ပြေးခုန်ပြစ်၊ ကြက်တောင်၊ ဘတ်စကတ်ဘော၊ ဘီလီယက်နှင့်စနုကာ၊ ရိုးရာခြင်း၊ ဘောလုံး၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ မြန်မာသိုင်း၊ ဘောလီဘော၊ ဝူရူးအားကစားနည်းတွေကို ရွှေတံဆိပ်အပြည့်နီးပါးလောက်ကို ရရှိဖို့ရည်မှန်းပြီးတော့ လေ့ကျင့်နေပါတယ်။ ဒီအားကစားပွဲတော်ကြီးက လာမယ့် ၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်မတိုင်ခင်မှာ ထူးချွန်တဲ့ အားကစားသမားတွေ ပေါ်ထွက်လာရေးကို ရည်မှန်းပြီးတော့ ကျင်းပတာဖြစ်တဲ့အတွက် ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးအနေနဲ့ (၃၃)ကြိမ်မြောက် ထိုင်းနိုင်ငံမှာကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲမှာ အားကစားသမားအများစု ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်က ပြောသည်။

 

အဆိုပါ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်း ၂၄ မျိုး၌ ရွှေတံဆိပ် ၈၀၊ ငွေတံဆိပ် ၃၄၊ ကြေးတံဆိပ် ၄၁ ခု စုစုပေါင်း ၁၅၅ ခုကို ရရှိစေရန်ရည်ရွယ်ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်ဆောင်ရွက်နေကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ပြည်နယ်နှင့်တိုင်း ၁၅ ခုမှာ ပထမရရှိစေရန် ကြိုးစားအလေးထားပြီး ကြိုတင်လေ့ကျင့် ဆောင်ရွက်နေကြောင်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)