နေပြည်တော် ဒီဇင်ဘာ ၂၅

ပဉ္စမအကြိမ် မျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဝန်ကြီးဌာန အားကစားသမားများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင် ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ အားကစားမောင်မယ်များ၊ နည်းပြများနှင့် အားကစားအသင်းတာဝန်ခံများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားပြီး တစ်ဦးချင်း အားကစားထူးချွန်ဆုများကို ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးများက အသင်းလိုက်အားကစားဆုများကို ချီးမြှင့်ပေးအပ်ကြရာ အားကစားအသင်းတာဝန်ခံများက လက်ခံရယူကြကာ အားကစား အသင်းအလိုက် တာဝန်ခံများက ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲအတွေ့အကြုံများနှင့် အားသာချက် အားနည်းချက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများသည် ဝန်ကြီးဌာန အားကစားသမားများနှင့်အတူ ဂုဏ်ပြုလက်ဘက်ရည် အတူတကွ သုံးဆောင်ခဲ့ကြသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကိုယ်စားပြု အားကစားသမားများက အားကစားနည်း (၆)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်(၁)ခု ၊ ငွေတံဆိပ်(၂)ခု ၊ ကြေးတံဆိပ်(၃)ခု ရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်