နေပြည်တော် ဒီဇင်ဘာ ၁

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာန အားကစားအဖွဲ့များထံသို့ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားအသင်းခေါင်းဆောင်များနှင့် အားကစား မောင်မယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အားကစားနည်းအလိုက် လေ့ကျင့်မှုနှင့် စိတ်ဓါတ်ခံယူချက် မြင့်မားရေး၊ အကောင်းဆုံးသည် ပထမဆောင်ပုဒ်အတိုင်း အားကစားအောင်နိုင်ရေး အမှာစကားပြောကြားပြီး အားကစားအသင်းများ၏ အဖွဲ့ခေါင်းဆောင်ကို အားကစားအောင်နိုင်ရေး အလံပေးအပ်ပြီး အားကစား မောင်မယ်များ အတွက် အာဟာရဖြည့်စွက်စာများပေးအပ်ရာ အားကစားနည်းအလိုက် အသင်းခေါင်းဆောင်များ က လက်ခံရယူခဲ့ကြသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ ပြေးခုန်ပစ်၊ ဂေါက်သီးစသည့် အားကစားနည်း (၆) မျိုးတွင် အားကစားအဖွဲ့ဝင် (၁၁၉) ဦးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်