မန္တလေး ၁၁ စက်တင်ဘာ
နိုင်ငံတကာ စာပေပညာရှင်များ မြန်မာနိုင်ငံမှ စာပေပညာရှင်များ ပါဝင်မည့် ၂၀၁၉ ခုနှစ် ပဉ္စမအကြိမ်မြောက် ဧရာဝတီစာပေပွဲတော်ကို မန္တလေးမြို့ Mercure Mandalay Hill Resort ဟိုတယ်တွင် နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်ထိ (၃) ရက်တိုင်တိုင်နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ စာတမ်းဖတ်ပွဲများ၊ စာပေဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ဧရာဝတီစာပေပွဲတော်ကျင်းပရေးကော်မတီတွင် ဥက္ကဌအဖြစ် ဦးနေအုပ် (နေအုပ် စိန်ပေါ)၊ ဒုတိယဥက္ကဌအဖြစ် ဒေါက်တာအောင်မြင့်(ဆေး-မန်း)၊ အတွင်းမှူးအဖြစ် ဒေါ်တီနာ မေသွင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ ပါဝင်သည့် ကော်မတီက ဦးဆောင်ကျင်းပမည် ဖြစ်သည်။
ဧရာဝတီ စာပေပွဲတော် ဖြစ်မြောက်ရေးအတွက် ဆပ်ကော်မတီ(၁၁)ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ယခုနှစ်စာပေပွဲတော်တွင် အဓိကအားဖြင့် လူငယ်နှင့်စာပေ ခေါင်းစဉ်ကို ရွေးချယ်ထားပြီး လူငယ်များကို အဓိကထား ဖိတ်ကြားသွားမည်ဟု သိရှိရသည်။
အဆိုပါ ပဉ္စမအကြိမ်မြောက် ဧရာဝတီစာပေပွဲတော်တွင် စာတမ်းများ ဖတ်ကြားလိုပါက ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၅) ရက် နောက်ဆုံးထား၍ အောက်ပါပုဂ္ဂိုလ်များထံ ဖတ်ကြားမည့်စာတမ်းမူရင်း၊ လိုင်စင်ဓာတ်ပုံ(၂)ပုံ၊ ကိုယ်ရေးအကျဉ်းတို့ ပါရှိသည့် စာတမ်းကို ပေးပို့ရန် ဖြစ်သည်။ စာတမ်းပေးပို့ရန် လိပ်စာများမှာ ဒေါက်တာအောင်မြင့်(ဆေး-မန်း)၊ အမှတ်-၃၈၊ ၃၁ လမ်း၊ ၇၄ x ၇၅ ကြား၊ မောရဂီဝါရပ် မန္တလေး၊ ဖုန်း-ဝ၉-၂၀ဝ၁၇၄၇၊ စာရေးဆရာ ညီစေမင်း ၈၄ လမ်း၊ ၃၄ လမ်းထောင့် လူထုသတင်းစာတိုက် မန္တလေးနှင့် စာရေးဆရာသင့်နော် ၃၄ လမ်း၊ ၇၉ x ၈၀ ကြား၊ ဥတ္တရလွင်ပြင်စာပေ မန္တလေးသို့ ပေးပို့ရမည်ဟု သိရှိရသည်။
ခင်ခင်ဝင်း (ပညာရေး)


