မန္တလေး  ၁၂   စက်တင်ဘာ

နိုင်ငံတကာမှ စာပေပညာရှင်များ၊ မြန်မာနိုင်ငံမှ စာပေပညာရှင်များ ပါဝင်မည့် ၂၀၁၉ ခုနှစ်ပဉ္စမအကြိမ် မြောက်ဧရာဝတီ စာပေပွဲတော်ကို မန္တလေးတောင်ခြေအနီးရှိ Mercure Mandalay Hill Resort Hotel တွင် အောက်တိုဘာ ၉ ရက် မှ ၁၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ စာပေဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ဧရာဝတီစာပေပွဲတော်တွင် ကျင်းပရေးကော်မတီဥက္ကဋ္ဌ အဖြစ် ဦးနေအုပ်(နေအုပ်စိန်ပေါ)၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ဒေါက်တာအောင်မြင့်(ဆေး-မန်း)၊ အတွင်းရေးမှူး အဖြစ် ဒေါ်တီနာမေသွင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ ပါဝင်သည့်ကော်မတီက ဦးဆောင်ကျင်းပသွားမည်ဖြစ်ပြီး ဧရာဝတီစာပေပွဲတော်ဖြစ်မြောက်ရေး အတွက်ဆပ်ကော်မတီ ၁၁ ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ထားရှိရာ ဆွေးနွေးပွဲဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊ ရန်ကုန်-မန္တလေး ခရီးသွားလာရေးနှင့် မန္တလေးတွင် တည်းခိုသွားလာရေး ဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ Digital Marketing ဆပ်ကော်မတီ၊ ဖွင့်ပွဲပိတ်ပွဲဆပ်ကော်မတီ၊ လုံခြုံရေးနှင့်ကျန်းမာရေးဆပ်ကော်မတီ၊ နိုင်ငံတကာဆက်သွယ်ရေး ဆပ်ကော်မတီ၊ စာရင်းစစ်ဆပ်ကော်မတီ ဟူ၍ ဆပ်ကော်မတီ ၁၁ ဖွဲ့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်မြင့်(ဆေး-မန်း) ထံမှ သိရသည်။

ယခုနှစ်ပဉ္စမအကြိမ် ဧရာဝတီစာပေပွဲတော်တွင် အဓိကအားဖြင့် လူငယ်နှင့် စာပေခေါင်းစဉ်ကို ရွေးချယ်ထားပြီး လူငယ်များကို အဓိကထား၍ ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပဉ္စမအကြိမ်မြောက် စာပေပွဲတော်တွင် စာတမ်းများဖတ်ကြားလိုသော စာတမ်းရှင်များ အနေဖြင့်အောက်တိုဘာလ ၁၅ ရက်နောက်ဆုံးထား၍ ဖတ်ကြားမည့်စာတမ်းမူရင်း၊ လိုင်စင်ဓါတ်ပုံနှစ်ပုံ၊ ကိုယ်ရေးအကျဉ်းတို့ ပါရှိသည်တို့ကို ဒေါက်တာအောင်မြင့်(ဆေး-မန်း) အမှတ်၃၈ ၇၄ လမ်းနှင့် ၇၅ လမ်းကြား ၃၁ လမ်း မောရဂီဝါရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့ ဖုန်း-ဝ၉၂၀ဝ၁၇၄၇၊ စာရေးဆရာ ညီစေမင်း ၃၄ လမ်းနှင့် ၈၄ လမ်းထောင့် လူထုသတင်းစာတိုက်  မန္တလေးချမ်းအေးသာစံမြို့နယ်နှင့် စာရေးဆရာ သင့်နော် ၇၉ လမ်းနှင့် လမ်း ၈၀ ကြား ၃၄ လမ်း၊ ဥတ္တရလွင်ပြင် စာပေမန္တလေး ချမ်းအေးသာစံမြို့နယ်တို့သို့ အထက်ပါ လိပ်စာများအတိုင်း ပေးပို့နိုင်ကြောင်း သိရသည်။

တင်မောင်မန်းကိုယ်ပွား