ရန်ကုန်၊ ၆ ဒီဇင်ဘာ
ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်ရှိ ဂန္ဓမာဟိုးဆေး၌ ပဉ္စမအကြိမ်မြောက် ယှဉ်ပြိုင်ထိုးသတ်သည့် မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့် ရာမာန်တို့ ငါးချီပြည့်သည်အထိ ရေကုန်ရေခန်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း အနိုင်၊ အရှုံး မပေါ်ဘဲ သရေဖြင့် ပြီးဆုံးခဲ့သည်။
ပထမအချီ ပွဲစသည်နှင့် ထွန်းထွန်းမင်းက ရာမာန်အား သူ့ပုံစံအတိုင်း အတင်းဝင် အတင်းထွက်ဖြင့် ခပ်ကြမ်းကြမ်း လိုက်လံထိုးသတ်ရင်း နှစ်ဦးသား လုံးထွေးကာ လက်ဝှေ့စင်မြင့်ပေါ်မှ ပြုတ်ကျ၍ ကြိုးဝိုင်းပြင်ပသို့ ရောက်သည်အထိ ပြင်းထန်ခဲ့သည်။ ဒုတိယအချီတွင် ရာမာန်၏ ထောက်ခြေကန်ချက်များက ထွန်းထွန်းမင်းကို ထိသလို တတိယအချီတွင်လည်း ထွန်းထွန်းမင်း ဘယ်လက်သီး အချို့က ရာမာန်၏ မျက်နှာကို ထိခဲ့သည်။ သို့သော် ပွဲအခြေအနေကို အရှုံး၊ အနိုင် ပြောင်းလဲသည်အထိ မဖြစ်ပေါ်ခဲ့ပေ။ ယနေ့ပွဲစဉ်တွင် ယခင်ပွဲစဉ်များကဲ့သို့ ဖွင့်ထိုးမှု အားနည်းသလို ကောင်တာဖြင့် အဆုံးဖြတ်၊ အဆုံးသတ် တိုက်ကွက်များလည်း ငါးချီပွဲပြီးဆုံးသည်အထိ မတွေ့ခဲ့ရပေ။
အခြားပွဲစဉ်များတွင် အဓိက ပွဲစဉ်ထက် ပရိသတ်နှစ်ခြိုက် သဘောကျခဲ့သော်လည်း ပွဲစဉ်အများစုမှာ အနိုင်၊ အရှုံးမပေါ်ဘဲ သရေပွဲများဖြင့်သာ အဆုံးသတ်ပြီးဆုံးခဲ့သည်ကို တွေ့ရသည်။
ဒုတိယခေါင်ပွဲဖြစ်သော ဗျဂ္ဃ (ကျားဖြူ)နှင့် စောထိန်လင်း (အဖြူရောင်သွေးသစ်) တို့ပွဲတွင် ငါးချီပြည့်သည်ထိ သူတစ်ပြန်၊ ကိုယ်တစ်ပြန် အစွမ်းကုန် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း အနိုင်၊ အရှုံး မပေါ်ခဲ့ပေ။ အလားတူ ကျားသွေး (TTM) နှင့် သားဒိန်း (ဖိုးရာဇာ)၊ စောရွှေလေး (ဒို့ရိုးရာ) နှင့် အဖိုးသွေး (အဖြူရောင်သွေးသစ်)၊ ကနောင်သွေး (အဖြူရောင်သွေးသစ်) နှင့် ပိုင်သက်အောင် (ကညောသွီ) တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပွဲများတွင်လည်း အနိုင်ရရှိရေး အပြိုင်ထိုးသတ်ကြသော်လည်း သရေပွဲများပင် ဖြစ်ခဲ့သည်။
ယနေ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပွဲစဉ် ခြောက်ပွဲတွင် အဓိက မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲဖြစ်သည့် ထွန်းထွန်းမင်းနှင့် ရာမာန်တို့အပါအဝင် ငါးပွဲ အနိုင်၊ အရှုံး မပေါ်ဘဲ သရေကျခဲ့ပြီး စောအရိုင်း (သတ္တိ) နှင့် ဓနအောင် (အဖြူရောင်သွေးသစ်) ပွဲတစ်ပွဲသာ သုံးချီမြောက်တွင် ဓနအောင် (အဖြူရောင်သွေးသစ်) က အလဲထိုးဖြင့် အနိုင်ရခဲ့သည်။
ယနေ့ ကျင်းပသည့် Myanmar Lethwei World Championship- 5 (MLWC-5) ပြိုင်ပွဲကို စကိုင်းနက် ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသခဲ့သော်လည်း ကိုဗစ်-၁၉ ကာလ ဖြစ်သဖြင့် ပွဲအတွင်း ကိုယ်တိုင်အားပေးကြည့်ရှုရန် အခွင့်အရေးမရခဲ့ကြောင်းနှင့် သတင်းမီဒီယာသမားများအနေဖြင့်လည်း အချိန်နှင့်တစ်ပြေးညီ သတင်းရရှိရေးတွင် အွန်လိုင်းထုတ်လွှင့်မှုများ မရရှိခြင်းကြောင့် အခက်အခဲ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)၊
ဓာတ်ပုံ- တင်စိုး