နေပြည်တော်၊ ဒီဇင်ဘာ ၂၃

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစား သမားများနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာန ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် အလွတ်တန်းပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ၊ အလွတ်တန်းပြေးခုန်ပစ်ပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာန ကိုယ်စားပြု ပိုက်ကျော်ခြင်း (အမျိုးသား) အသင်းအနေဖြင့် (၂) ယောက်တွဲ၊ (၃) ယောက်တွဲနှင့် (၄) ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၊ အလွတ်တန်း ပြေးခုန်ပစ်ပြိုင်ပွဲများအနေဖြင့် သံလုံး/ သံပြားပစ်၊ တန်းကျော်၊ အပြေး၊ လမ်းလျှောက်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ဂေါက်သီးရိုက်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အတွက် ဝန်ကြီးဌာနအဆင့် အားကစား နည်း (၆) နည်းအနက် (၃)နည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။   

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် အားကစားကဏ္ဍသည် ပင်မတာဝန်မဟုတ်သော်လည်း ထိုက်သင့်သည့် အောင်မြင်မှုများရရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ထို့ပြင်နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများတွင် အားကစားနည်းအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ ဦးစီးဌာနလုပ်ငန်းများအနေဖြင့် တာဝန်ယူရသည့် အားကစားနည်းအလိုက် အောင်မြင်မှုများ ရရှိရေးအတွက် ထူးချွန်ပြီးအလားအလာရှိသည့် အားကစားသမားများကို စနစ်တကျရွေးချယ်၍ အချိန်ယူလေ့ကျင့်ပံ့ပိုးပေးခြင်းဖြင့် စက်မှုဝန်ကြီးဌာန၏ အားကစားကဏ္ဍ အောင်မြင်ထွန်းပေါက်စေရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တာဝန်ယူ ဆောင်ရွက်ပေးကြရမည်ဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများတွင် စက်မှုဝန်ကြီးဌာန အနေဖြင့် အဆင့်အတန်းမီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဦးစီးဌာနလုပ်ငန်းများအား အားကစားနည်းများ ခွဲဝေတာဝန်ပေးအပ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်တွင် အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တာဝန်ခံများမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်