ဘားအံ ဖေဖော်ဝါရီ ၂၃
ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ကျင်းပခဲ့သော အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်-၂၀၂၆ တွင် ကရင် ပြည်နယ် ဘားအံမြို့သည် ၂၀၂၆ ခုနှစ်အတွက် ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆု (5th ASEAN Clean Tourist Award) ဆုကို ရရှိခဲ့ပြီးဖြစ်ရာ အဆိုပါဆုတံဆိပ်အား ပြည်နယ်အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဆုတံဆိပ် လွှဲပြောင်းပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ် အတွင်းရှိ မြို့၊ ရွာ၊ လမ်းများ သန့်ရှင်းသာယာလှပရေး၊ ကျန်းမာ၍ ဘေးအန္တရာယ်ကင်းရှင်းသော ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်လာစေရေး၊ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပစေရေး၊ ခရီးသွားလုပ်ငန်း တစ်နှစ်ထက် တစ်နှစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာစေရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ခရီးစဉ် ဒေသစီမံခန့်ခွဲမှုအဖွဲ့များကလည်း လိုအပ်သည်များ ပူးပေါင်းပါဝင်ရေးနှင့်စပ်လျဉ်း၍ ပြောကြားသည်။
ထို့နောက် ဒေသဆိုင်ရာခရီး သွားလုပ်ငန်း ကော်မတီဒုတိယ ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးက ပဉ္စမအကြိမ်မြောက် အာဆီယံ သန့်ရှင်းသောခရီးသွားမြို့တော်ဆု(5th ASEAN Clean Tourist City Award) ဆုတံဆိပ်ကို ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်း ပေးအပ်ပြီး ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက အဆိုပါ ဆုတံဆိပ်ရရှိခဲ့မှုနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။
ကရင်ပြည်နယ် ဘားအံမြို့သည် ၂၀၂၂ ခုနှစ်အတွက် အာဆီယံ အစိမ်းရောင်ဟိုတယ်များ စံနှုန်းဆုတစ်ဆု၊ အာဆီယံ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း စံနှုန်းဆု ၁၀ ဆု၊ ၂၀၂၃ ခုနှစ်အတွက် အာဆီယံ အများပြည်သူသုံး သန့်စင်ခန်းများ စံနှုန်းဆုတစ်ဆု၊ ၂၀၂၄ ခုနှစ်အတွက် အာဆီယံအစိမ်းရောင် ဟိုတယ်များ စံနှုန်းဆုတစ်ဆု၊ ၂၀၂၅ ခုနှစ်အတွက် (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုနှင့် ၂၀၂၆ ခုနှစ် အတွက် ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသော ခရီးသွား မြို့တော်ဆုတို့ကို ရရှိခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ခရီးသွားကုမ္ပဏီ လုပ်ငန်းရှင်များ၊ ဟိုတယ်/ တည်းခို ရိပ်သာလုပ်ငန်းရှင်များက ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆုရဗီဒီယိုအား ကြည့်ရှုအားပေးကြပြီး ခင်းကျင်းပြသထားသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ ဒေသတွင်းခရီးစဉ် ဒေသများနှင့် အထင်ကရနေရာဒေသ သဘာဝအလှပြိုင်ပွဲဝင် ဓာတ်ပုံများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


