ရန်ကုန်၊ ၁ ဒီဇင်ဘာ 

ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာ လက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (MLWC-5) ကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် ပရိသတ်မပါဘဲ ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ 

အဆိုပါပြိုင်ပွဲကို မူလက မြန်မာ့ချန်ပီယံများကတစ်ခြမ်း ပြည်ပနိုင်ငံအသီးသီးမှ ချန်ပီယံများကတစ်ခြမ်း စီစဉ်ထားသော်လည်း ကိုဗစ်ရောဂါကြောင့် နိုင်ငံများအကြား အသွားအလာကန့်သတ်ထားသဖြင့် ပြည်တွင်း တွဲဆိုင်များဖြင့်သာ ကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲများအဖြစ် ၈၀ ကီလိုတန်းတွင် ထွန်းထွန်းမင်း(ထွန်းထွန်းမင်း)နှင့် ရာမာဉ်(ရာဇဓိရာဇ်)၊ ၆၇ ကီလိုတန်းတွင် စောအရိုင်း(သတ္တိ)နှင့် ဓနအောင်(အဖြူရောင်သွေးသစ်)၊ ၆၃ ဒသမ ၅ ကီလိုတန်းတွင် ရွှေခါးပတ်ချန်ပီယံ ဗျဂ္ဃနှင့် စောထိန်လင်း၊ ၆၃ ကီလိုတန်းတွင် ရွှေခါးပတ်ချန်ပီယံ စောရွှေလေး(ဒို့ရိုးရာ) နှင့် အဖိုးသွေး(ကညောသွီး)၊ ၆၂ ကီလိုတန်းတွင် ကျားသွေး(ထွန်းထွန်းမင်း)နှင့် သားဒိန်း(ရာဇဓိရာဇ်)၊ ၆၀ ကီလိုတန်းတွင် ကနောင်သွေး(အဖြူရောင်သွေးသစ်)နှင့် ပိုင်သက်အောင်(ကညောသွီး)တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။ 

ကိုဗစ်ရောဂါ ကာကွယ်ရေးကြောင့် ယှဉ်ပြိုင်ထိုးသတ်မည့် လက်ဝှေ့သမားများ၊ ဒိုင်များ၊ နည်းပြများ အကူလူများကို ကိုဗစ်ရောဂါ ရှိ မရှိ စစ်ဆေးပေးပြီး သီးသန့်ကွာရန်တင်း ထားရှိကြောင်း သိရသည်။

အာကာစိုး