နေပြည်တော်  ၈   ဇွန် 

 

ရွာကောက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန် ၇ ရက် နံနက်ပိုင်းက ပျဉ်းမနားမြို့၊ ပေါင်းလောင်း(၂)ရပ်ကွက်၊ နှင်းဆီလမ်းထောင့်တွင် မော်တော်ဆိုင်ကယ်နှင့်အတူတွေ့ရှိသူ ဟန်ထက်ဇော်(ခ) အိုဇိုက် အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၆၇၇ ပြား၊ အိုက်စ် သုည ဒသမ ၀၃ ကီလိုနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို လည်းကောင်း။

 

အလားတူ ဇွန် ၆ ရက် ညပိုင်းက စင်းခန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာအုပ်စု၊ စင်းခန်းကျေးရွာ၊ စင်းခန်းတံတားလုံခြုံရေးရဲကင်းရှေ့တွင် ခင်မောင်တင့် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၄၀၀ ကိုလည်းကောင်း။

 

ထို့အတူ ဇွန် ၇ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ နတ်စင်အနီးတွင် စိုးလှဦး၊ နိုင်လင်း(ခ)ကုလားလေး၊ မစုစုလှိုင်နှင့် ဟိန်းထက်စိုးစံ(ခ) ကိုးထပ် တို့အားတွေ့ရှိ၍ စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၃ ပြား၊ ဆေးခြောက် သုည ဒသမ ၀၆ ကီလိုတို့ကိုလည်းကောင်း။

 

ဆက်လက်၍ နိုင်လင်း(ခ)ကုလားလေး နေထိုင်သည့် တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်၊ ကွင်းအမှတ်(၂၄)ရှိ တဲကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်က  မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဆောက်လုပ်ရေးယန္တရားအိမ်ရာဝန်းနေ ပြည့်ဖြိုးမြတ်၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၆၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထား ကြောင်း ရဲပြန်ကြားမှ သိရသည်။ 

 

(သတင်းစဉ်)