နေပြည်တော် ဖေဖော်ဝါရီ ၈

နေပြည်တော် ပျဉ်းမနားမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်၏ “စိတ်ချင်းယှက်နွယ် ယူနန်ပြည်နယ် အစီအစဉ်အရလှူဒါန်းသော နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်း လှူဒါန်း ပြီးစီးသဖြင့် လုပ်ငန်းအပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ကျင်းပသည်။

အခမ်းအနားတွင် အခြေခံပညာဦးစီးဌာန နေပြည်တော် ပျဉ်းမနားခရိုင် ပညာရေးမှူး ဒေါ်မြင့်မြင့်အေး၊ အလှူရှင်များကိုယ်စား SUNSHINE ENERGY TECHNOLOGY CO.,LTD မှ MENG FEI (ခ) ဒေါ်ကြည်လင်း နှင့် INTERIM LIAISON OFFICE မှ FIRST SECRETARY ZHANG ZHONGHU တို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် တာဝန်ရှိသူများက ပျဉ်းမနားမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ကြူကြူမြင့်ထံ နေစွမ်းအင်သုံး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ လုပ်ငန်းပြီးစီးခြင်း စာရွက်စာတမ်းများနှင့် ဂုဏ်ပြုလွှာများကိုပေးအပ်ကြသည်။

ယင်းနောက် MYANMAR TRADE CENTRE (MTC) မှ ဦးဝင်းနောင်က လှူဒါန်းမှုဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူများက ရတနာပုံ သီချင်း၊ ထာ၀ရသစ္စာသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြကာ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင် ဦးအောင်ကျော်က ကျေးဇူးတင် စကားပြောကြားသည်။

ယနေ့ အခမ်းအနားတွင် ငွေကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ ဆိုလာချပ်ရေ ၈၀၊ ဘက်ထရီ အင်ဗာတာသုံးလုံးနှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ပြီး ယင်းစီမံကိန်း၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာ ၉ ဒသမ ၂၄ ကီလိုဝပ်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်