နေပြည်တော်၊  ၅   ဖေဖော်ဝါရီ 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ တာဝန်ရှိသူများနှင့်အတူ နိုင်ငံတော်ဩဝါ ဒါစရိယ၊ ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော် ပျဉ်းမနား မြို့၊ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တကဝိသာရ မဟာထေရ်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

ထိုသို့ ဖူးမြော်ကြည်ညိုစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လက်ရှိအခြေ အနေနှင့် ဆောင်ရွက်ချက်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီး နှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဘုရားစေတီများအား ရဟန်းရှင်လူပြည်သူများ ဖူးမြော်ကြည်ညိုခွင့်ရရှိနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အမြန်ဆုံးဖွင့်လှစ်သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ပရိယတ္တိ၊ ပဋိပတ္တိ သာသနာတော်တိုးတက်ထွန်းကားစေရေး ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် သာသနာတော်တည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြလျှောက် ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဩဝါဒ ကထာများ နာယူကြည်ညိုခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)