နေပြည်တော် ၁ အောက်တိုဘာ
နေပြည်တော်၊ ပျဉ်းမနားမြို့၊ ဦးကျေးရပ်ကွက်ရှိ အမှတ်(၂၃)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ပစ္စည်းများအား ခိုးယူဖျက်ဆီးသူများကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပျဉ်းမနားမြို့၊ ပေါင်းလောင်း(၂)ရပ်ကွက်နေ ကျောင်းအုပ်ဆရာမ ဒေါ်မေသန်းဦး (၅၂)နှစ်သည် စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၃ နာရီခွဲက ဦးကျေးရပ်ကွက်ရှိ အမှတ်(၂၃) အခြေခံပညာမူလတန်း လွန်ကျောင်းသို့ သွားရောက်စစ်ဆေးစဉ် ကျောင်း ၂ ထပ်ဆောင်အမှတ်(၃)မှ တံခါးမနှင့် ပြတင်းပေါက်တို့ ပွင့်နေကာ အဆိုပါအဆောင်မှ လျှပ်စစ်မီးကြိုးများ၊ မီးချောင်း အခု ၅၀၊ လျှပ်စစ်ခေါင်းလောင်း ၂ ခု၊ မိန်းခုံ ၃ ခုနှင့် ဆက်စပ်ပစ္စည်းများမှာ ပျောက်ဆုံးနေပြီး သော့ခလောက် ၁၀ ခု၊ သံဇကာ ၂ ခု၊ မျက်နှာကျက် ၈ ခုတို့မှာ ပျက်စီးနေသည်ကို တွေ့ရှိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားစုံစမ်းခဲ့ရာ ဘောဂဝတီ ရပ်ကွက်နေ ခေါင်းကြီး(ခ)မင်းမင်းပါ ၃ ဦးက ခိုးယူ/ဖျက်ဆီးခဲ့ကြောင်း သိရ၍ အရေးယူပေးရန် တိုင်ကြားခဲ့သည်။
တိုင်ကြားချက်အရ ရွာကောက်နယ်မြေရဲစခန်းက အမှုဖွင့်ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ ခေါင်းကြီး(ခ)မင်းမင်းပါ (၃)ဦးကို ၎င်းတို့နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများအား သိမ်းဆည်း ကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ရဲပြန်ကြား)