နေပြည်တော် ဇူလိုင် ၁၅

ပျဉ်းမနားမြို့နယ် ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲ တွင် ပျဉ်းမနားမြို့နယ် သကြားစက်ကျေးရွာ၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က အမှာစကားပြောကြားပြီး ခရေပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိ သူများနှင့် ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ခရေ၊ မယ်ဇလီ၊ မန်ကျည်း၊ တမာ၊ ပျဉ်းကတိုး၊ ပိတောက်၊ ဆီသပြေ၊ သစ်ဖြူ၊ ချင်းဒညင်း၊ တပေဘူတ၊ စိန်ပန်းပု၊ ကုက္ကိုလ်၊ ယင်းမာ၊ ပျဉ်းမ၊ ကျွန်း၊ မဟော်ဂနီ စသည့်သစ်ပင်စုစုပေါင်း အပင် ၁၈၀ စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်သူများနှင့် ပျဉ်းမနားမြို့နယ် သနပ္ပင်ဆိပ် ကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ပြီးတစ်ဦးချင်းဝင်ငွေ တိုးတက်ရေးအတွက် ဆောင်ရွက် လျက်ရှိကြောင်း၊  မိုးစပါးစိုက်ပျိုးရာသီတွင် လျာထားချက်ပြည့်မီအောင် စိုက်ပျိုးရန်လို ကြောင်း၊ လယ်ယာကဏ္ဍကို အပြည့်အဝအကောင် အထည်ဖော်နိုင်မှသာ ပြည်တွင်းစားရေ ရိက္ခာ ပေါများလာမည့်အပြင် ပိုလျှံစွာထွက်ရှိလာသည့် ထုတ်ကုန်များမှ ပြည်ပပို့ကုန်များ ရရှိပြီး စိုက်ပျိုးရေး လုပ်ငန်းများကို အခြေခံသည့် ပြည်ပဝင်ငွေများရရှိမည်ဖြစ်ပါကြောင်း၊ နေပြည်တော်တွင် သီးနှံမျိုးစုံမျိုး စေ့ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် အားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် ပန်းတိုင်အထွက်နှုန်းများရရှိ စေရေးအတွက် (မျိုး၊ မြေ၊ ရေ၊ နည်း) တို့ကို လစ်ဟာမှုမရှိအောင် စီမံဆောင်ရွက်ပြီး ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်ပြောကြားသည်။

ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးက စိုက်ပျိုးရေး ကဏ္ဍဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသည့် တောင်သူများက ရေရရှိရေး၊ သွင်းအားစုဓာတ် မြေဩဇာရရှိရေးနှင့် သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပြန်လည်ဖြေကြားခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် တက်ရောက်လာကြသည့်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက  စိုက်ပျိုးရေး နည်းပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။

ထို့အတူ ယနေ့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် ၈ မြို့နယ်၌ ကျင်းပရာ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်၍ ပြည်သူများနှင့်အတူ သစ်ပင်များစိုက်ပျိုးပေးခဲ့ကြသည်။

ထို့ပြင် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည်  သက်ဆိုင်ရာ မြို့နယ်များအလိုက် တောင်သူများနှင့် တွေ့ဆုံပြီး ပြည်တောင်စုနယ်မြေ၊ နေပြည်တော် တွင် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြာပြီး တောင်သူများ၏ သိလိုသည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

နေပြည်တော်အတွင်းရှိ မြို့နယ် ၈ မြို့နယ်၌ ကျင်းပသည့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ခရေ၊ မယ်ဇလီ၊ မန်ကျည်း၊ တမာ၊ ပျဉ်းကတိုး၊ ပိတောက်၊ ဆီသပြေ၊ သစ်ဖြူ၊ ချင်းဒညင်း၊ တပေဘူတ၊ စိန်ပန်းပု၊ ကုက္ကိုလ်၊ ယင်းမာ၊ ပျဉ်းမ၊ ကျွန်း၊ မဟော်ဂနီ စသည့် သစ်ပင်စုစုပေါင်း အပင် (၁၂၉၀) စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)